close

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့်  မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြည်သူလူထုတွေအနေနဲ့ ဧပြီ ၇ ရက် ဒီကနေ့မနက် စတင်ပြီးဖြတ်သန်းသွားတာမလုပ်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲထုတ်ပြန် အသိပေးကြေညာလိုက်ပါတယ်။ 

ကရင်ပြည်နယ်  ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်၊BGF ပူးပေါင်းတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဧပြီ ၅ ရက်ကစတင်ပြီး  တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အဆိုပါတိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများနေတာကြောင့်  မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုတွေအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ  ၇  ရက်မှ ၂၁ ရက်အထိ လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြေပြင်ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းကိုပိတ်လိုက်တဲ့အတွက်  အဓိကထိုင်း-မြန်မာကုန်သွယ်ရေး စီးဆင်းမှုတွေထိခိုက်မှုရှိခဲ့ပေမဲ့ အခုလိုတိုက်ပွဲတွေပြင်းထန်နေခဲ့တာကြောင့် ခရီးသွားတွေကအစ အသွားလာမရှိကြတော့ဘူးလို့ ခရီးသွားသမားတွေက ပြောပါတယ်

စစ်ကောင်စီဘက်ကအထိနာတွေများလာလို့ စစ်အင်အားတွေ ပိုမိုဖြန့်ကြက်နေရာယူလာပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ စစ်ရေးမှာ လက်ဦးမှုတွေအရယူထားတာကြောင့် စစ်ကောင်စီဘက်ကမြေပြင်မှာအထိနာများလာလေ လေကြောင်းပစ်ကူကိုပိုအားပြုပြီး သုံးစွဲလာနေ ခဲ့တယ်လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အခုရက်တွေအတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို  ​မြန်မာစစ်ဘေးရှောင်တွေဟာ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပြီး ထိုင်းအာဏာပိုင်တွေက အရေးပေါ်ကူညီ စောင့်ရှောက်ထားပါတယ်။

Up