ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ရုရှားကျူးကျော်စစ်ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်ပြီး ကာရာကက်စ်မြို့မှာ မတ် ၃ ရက်က စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတဦးက “ ရုရှားက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ဆန့်ကျင်ဖို့ ဒီမှာ လာစုဝေးကြတာပါ၊ အာဏာရှင်ပူတင်ရဲ့ အချုပ်အခြာနိုင်ငံတနိုင်ငံထဲ ဝင်ရောက်ကျူးကျော်တာကို ဆန့်ကျင်ပါတယ်၊ ယူကရိန်းပြည်သူတွေနဲ့ ကျနော်တို့နဲ့ အတူရှိတယ်” လို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို က “ဗင်နီဇွဲလားမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တိုက်ပွဲ ဝင်နေသူတွေက ယူရိန်းပြည်သူတွေနဲ့ တသားထဲ ရှိပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရဲဝံ့သတ္တိရှိတဲ့ခေါင်းဆောင်မှုအတွက် စံပြဖြစ်တယ်” လို့ ပြောပါတယ်။
ဗင်နီဇွဲလား မာဒူရို အစိုးရကတော့ ရုရှားရဲ့အနီးဆုံးမိတ်ဆွေဖြစ်နေပြီး ယူကရိန်းအရေးအတွက် နေတိုးနဲ့ အမေရိကန်ကို အပြစ်တင်နေတာပါ။
ရွှေ့ဆိုင်းထားတဲ့ ဆွေးနွေးပွဲတွေ တတ်နိုင်သမျှ အမြန်ဆုံး ပြန်စဖို့ ဗင်နီဇွဲလားအတိုက်အခံ ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌက အစိုးရကို အောက်တိုဘာ ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ အစိုးရက ဆွေးနွေးပွဲကို သီတင်းပတ်ကုန်ရက်က ရွှေ့ဆိုင်းခဲ့တာပါ။
လိုအပ်တဲ့ သဘောတူညီချက်တွေ ထွက်ပေါ်လာဖို့ အစိုးရဘက်က အစည်းအဝေးတွေကို ပြန်စဖို့ တိုက်တွန်းတယ်လို့ အတိုက်အခံ Venezuela's Unitary Platform က ဂျေရာဒို ဘလိတ် ပါရက်ဇ်က ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရ သံတမန် အဲလက်စ် ဆာ့ဘ်ကို ငွေကြေးခဝါချမှုနဲ့ ကိပ်ဗာဒေ အရပ်ကနေ အမေရိကန်နိုင်ငံဆီ အောက်တိုဘာ ၁၆ ရက်က လွှဲပေးခဲ့အပြီးမှာ အစိုးရက ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ ခဲ့တာပါ။
ဗင်နီဇွဲလားရဲ့ လူမှုရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေအတွက် အဖြေရှာဖို့ နှစ်ဖက်စလုံးက ကြိုးစားနေပေမယ့် နိုင်ငံလူဦးရေ အများစုက ဆင်းရဲမွဲတေနေပြီး သန်းချီတဲ့ ပြည်သူတွေကလည်း အခွင့်အရေးတွေကို ရှာဖို့ နိုင်ငံခြားကို ထွက်သွားခဲ့ကြပါတယ်။
အစိုးရရဲ့ ညှိနှိုင်းရေးအဖွဲ့အကြီးအကဲ ဟိုဟေး ရိုဒရီဂက်ဇ်က တနင်္ဂနွေနေ့မှာ ပြန်စမယ့် ဆွေးနွေးပွဲတွေကို အစိုးရက တက်မှာမဟုတ်ဘူးလို့ စနေနှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
အမေရိကန်တရားရေးဌာနက ဗင်နီဇွဲလား အစိုးရသံတမန်ကို ၂၀၁၉ မှာ အစိုးရထိန်းချုပ်တဲ့ ငွေကြေး လဲလှယ်နှုန်းနဲ့ပတ်သက်ပြီး အခွင့်ကောင်းယူတဲ့ လာဘ်ယူမှုနဲ့ ပတ်သက်လို့ စွဲချက်တင်ခဲ့တာပါ။
အဲဒီနောက် အစိုးရက ဆောင်ရွက်တဲ့ စားနပ်ရိက္ခာ အမတော်ကြေး အစီအစဉ် ကနေ အကျိုးအမြတ်ယူဖို့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ ဆာ့ဘ်တို့ကို ခွင့်ပြုမယ့် အဂတိ ကွန်ရက်ကို ဖော်ဆောင်မှုအတွက် ဆာ့ဘ်ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။