စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြိုနယ် အနောက်ခြမ်း ဗန်းမောက်မြို့နဲ့ ၄ မိုင်အကွာ တခွတ်တာ၊ ခွတ်နန်း ကျေးရွာဘက်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတာလို့ ဗန်းမောက်မြို့နယ်က ပြည်သူတဦးက ပြောပါတယ်။
“ညနေ ၄ နာရီထိုးခါနီးလောက် လာပစ်သွားတယ်၊ တခွတ်တာဘက်မှာပေါ့။ ဘယ်နေရာတွေကျ၊ ဘယ်သူတွေ ထိတယ်ဆိုတာတော့ မကြားသေးဘူး။ ဖုန်းလိုင်းတွေကလည်း ကောင်းကောင်းခေါ်လို့ မရဖြစ်နေတော့။ တခွတ်တာဘက်တော့ သေချာတယ်၊ ခုတလော တိုက်ပွဲဖြစ်တာလည်း မရှိဘူးကော၊ ပြည်သူတွေကြောက်အောင် တမင်လုပ်တာထင်တယ်။”
ဗန်းမောက်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေ စိုးမိုးမှုများလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိမယ် အထင်နဲ့ အခုလို လာရောက်ဗုံးကြဲတာ ဖြစ်နိင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်မြောက်ပိုင်း မံထုံဒေသဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အလယ်တန်း စာသင်ကျောင်းတခုထိမှန်ခဲ့ပြီး အမျိုးသမီးငယ်တဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၈) ဒေသကိုလည်း စစ်ကောင်စီလေတပ်က ဒီနေ့မနက် ၁၁ ဝန်းကျင်လောက်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မံယူးကြီးရွာရှိ တိုက်နယ်ဆေးရုံကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဒေသခံရွာသားတွေ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ တထပ်အုပ်ညှပ် တိုက်နယ်ဆေးရုံမှာ ဆေးရုံအမှတ်လက္ခဏာဖြစ်တဲ့ အလံနဲ့ ဆိုင်းဘုတ်တပ်ထားပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန် လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာလို့ သိရပါတယ်။
Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတယောက်က “ရွာသားတွေ လုပ်အားပေးနေချိန် ဗုံးကြဲခံလိုက်ရတာပါ။ ဆေးရုံလည်း ပျက်စီးသွားတယ်။ ရွာထဲမှာလည်း မီးတွေ လိုက်ငြှိမ်းသတ်နေရတယ်။ လူနေအိမ် ၅ လုံးလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံမှာ လုပ်အားပေးနေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတယောက် ထိခိုက်သေဆုံးကာ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စဟာ စစ်ကောင်စီ လက်အောက်ခံတွေက သတင်းပို့လို့ လေယာဥ်နဲ့ ဗုံးလာကြဲတာလို့ ရွာသူရွာသားတွေက ပြောဆိုကြပါတယ်။
ဒေသတွင်း တော်လှန်ရေးနဲ့နီးစပ်သူတယောက်က “စစ်ဖြစ်ရင်တောင် ဆေးရုံတို့ စာသင်ကျောင်းတို့ဆိုတာ ရှောင်ကြဉ်ရမယ့်နေရာဆိုတော့ အခုလို ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ ဆေးရုံကို လာကြဲတော့ ရွာသားတွေအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စဆိုပြီး ဝေဖန်ပြောဆိုနေပါတယ်ဗျ” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။