ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှာ ဇွန် ၈ ရက် မနက်က ညီအစ်ကိုအချင်းချင်း ရန်ဖြစ်ပြီး စကားများကြရာကနေ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၂၄ နှစ်အရွယ် ကိုနန္ဒစည်သူ (ခ)ကိုဖိုးသားကြီးဖြစ်ပြီး အခင်းမဖြစ်ခင် မူးယစ်ဆေးကြောင်ကာ အိမ်သားတွေကို ရန်ရှာနေတာကြောင့် သူ့ရဲ့ညီဖြစ်သူ ဖိုးသားလေးက ဒေါသမထိန်းနိုင်ဘဲ ဓားနဲ့ခုတ်သတ်ခဲ့မိတာလို့ ဆိုပါတယ်။
ပေါက်ကုန်းရပ်ကွက်နေသူအမျိုးသမီးတစ်ဦးက “ညကြီးမိုးချုပ် လူနာတင်ယာဥ်အသံတွေ ကြားရတယ်။ သေတဲ့သူက မူးယစ်ဆေးကြောင်ပြီး အမြဲပြဿနာရှာတတ်တယ်။ ရဲတွေက အကြာကြီးနေမှရောက်လာတာ သူ့ညီကို ရဲတွေခေါ်သွားပြီ။ တရားခံမှာ အမျိုးသမီးက ကိုယ်၀န်နဲ့ ကျန်ခဲ့တယ်”လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီးချိန်မှာ ဗန်းမော်မြို့က လူနာတင်ယာဥ်လူမှုကူညီရေးအသင်း ဇောတိကနဲ့ သုညသုခပရဟိတအသင်းတို့ လာရောက်ပြီး သေဆုံးသွားသူရဲ့ အလောင်းကို ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့သယ်ဆောင်သွားကြပါတယ်။
သေဆုံးသွားသူရဲ့ ညီဖြစ်သူကိုတော့ ဥပဒေအတိုင်း အရေးယူဖို့ ဗန်းမော်မြို့မရဲစခန်းက လာရောက်ဖမ်းဆီးသွားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လျှပ်စစ်မီတာရုံးမှာ မေ ၁၉ ရက် နေ့လယ်ပိုင်းက လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ထမင်းစားနေတုန်း အသံကြားလိုက်ရတာ၊ လျှပ်စစ်မီတာရုံးမှာလည်း စစ်ကောင်စီတွေက အခုရက်ပိုင်းအတွင်း မီတာခမဆောင်တဲ့ အိမ်တွေကို အတင်းအဓမ္မ လူအင်အားသုံးပြီး ရက်ကွက်တွေထဲထိ ခြိမ်းခြောက်၊ မီတာကြိုးဖြတ်၊ မီတာပုံးဖြုတ်နဲ့ အကြမ်းဖက် သောင်းကြမ်းနေကြတာမို့ နီးရာဓားကြောက်ပြီး အိမ်ကဟာတွေ သွားဆောင်နေကြတယ်၊ လူတွေလည်း အများကြီး” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်မတော် (URF) ကတော့ အများပြည်သူ စိတ်ဆင်းရဲအောင် ခြိမ်းခြောက်၊ နှောင့်ယှက် အတင်းအဓမ္မ အကြမ်းဖက်နေကြတာကြောင့် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ရပ်တန်းကရပ်ဖို့ လျှပ်စစ်ရုံးကို သတိပေးထားပါတယ်။
စုစုပေါင်း လက်လုပ်မိုင်းနှစ်လုံး ပစ်သွင်းခဲ့တာဖြစ်ပြီး ပထမလက်လုပ်မိုင်းတလုံးကတော့ ရေကန်ထဲကျသွားတာကြောင့် မပေါက်ကွဲခဲ့ဘဲ ဒုတိယမိုင်းတလုံးကတော့ လျှပ်စစ်ရုံး မျက်နှာစာမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ URF က ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ လျှပ်စစ်မီတာရုံး မျက်နှာစာ အုတ်နံရံတချို့ ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လုံခြုံရေးလာယူနေပြီး မီတာခလာဆောင်သူတွေ မရှိသလောက် နည်းပါးသွားခဲ့တယ်လို့ ဆိုပါတယ်။