ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တတိယလှိုင်းအနေနဲ့ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ ၅ ခုထိ ကူးစက်ခံထားရတယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
နိုင်ငံတွင်း ပထမဆုံး ကူးစက်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ စတင်ခဲ့ကာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က SARS-CoV-2 ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ဧပြီလမှာတော့ ကူးစက်ပျံ့ပွားမှုနှုန်း ၁ ဒသမ ၇ ဆ ပိုပြင်းထန်တဲ့ ယူကေက မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့အတူ တတိယလှိုင်းကူးစက်မှုတွေ ဖြစ်လာခဲ့တာပါ။
မေ ၅ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ကွာရန်တင်းစင်တာတခုကနေ ဘရာဇီးဗီဇပြောင်း ဗိုင်းရပ်စ်သစ်တမျိုး ထပ်မံကူးစက်ခံထားရကြောင်း ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်မှုစင်တာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက်မှာတော့ ဘန်ကောက်ခရိုင်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။
အဲဒီနောက် မေ ၂၂ ရက်နေ့မှာတော့ နရတ်သီဝပ်ထ်ခရိုင်ထဲမှာ တောင်အာဖရိက ဗီဇပြောင်း ဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတဲ့ လူနာတွေ တွေ့ရှိရကြောင်း အတည်ပြုနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၃၅,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူပေါင်း ၈၃၂ ယောက် ရှိနေတာ ဖြစ်ပါတယ်။