close

ဗီတိုအာဏာ

close

April 27, 2022

ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးပြီးတိုင်း အထွေထွေညီလာခံ ကျင်းပရမည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် တနိုင်ငံက ဗီတိုအာဏာ သုံးတဲ့အခါတိုင်း ၁၀ ရက်အတွင်း အထွေထွေညီလာခံ အစည်းအဝေး ကျင်းပရမယ့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) က ဧပြီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီအဆိုပြုချက်ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စဆွေးနွေးခဲ့ပြီး အခု အတည်ပြုလိုက်တာပါ။

ဆုံးဖြတ်ချက်ကို ဦးဆောင်သူ လက်ရှ်တန်စတိုင်းနိုင်ငံ သံအမတ်ကြီး ခရစ္စတင်း ဗီနာဗီဇာက "လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီးတိုင်း UNGA ကို အလုပ်ချိန် ၁၀ ရက်အတွင်း အလိုအလျောက် ခေါ်ယူကျင်းပနိုင်ဖို့ UNGA ကို လုပ်ပိုင်ခွင့်အသစ် ပေးခဲ့တယ်” လို့ ပြောပါတယ်။

ဗီတိုအာဏာဟာ အခွင့်ထူးတခုမဟုတ်ဘဲ တာဝန်တရပ်ဖြစ်တယ်လို့ အဖွဲ့ဝင်နိုင်ငံ အများအပြားက ပြောရင်း ဆုံးဖြတ်ချက်ကို အချိန်နဲ့တပြေးညီ ကြိုဆိုကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ ရုရှားက ဗီတိုအာဏာ သုံးနေတဲ့အတွက် ခုလို ဆုံးဖြတ်ကြတာလည်း ဖြစ်ပါတယ်။

တခြားတဖက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် ဂန်နာဒီ ခုဇ်မင်ကတော့ အများသဘောတူဆန္ဒအရ ပါဝင်လိုစိတ် မရှိဘူးလို့ ပြောပါတယ်။

အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်နဲ့ ဗြိတိန်တို့က UNGA မှာ သူတို့ရဲ့ ဗီတိုအာဏာကို သုံးခဲ့ရင် သုံးရတဲ့အကြောင်းရင်းကို ရှင်းပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

17 mins Ago

April 6, 2022

ရုရှားကို ဗီတိုအာဏာပေးထားသည့် ကုလသမဂ္ဂစနစ် ပြောင်းလဲရန် ယူကရိန်းသမ္မတ တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားကို ဗီတိုအာဏာပေးထားတဲ့ ကုလသမဂ္ဂရဲ့စနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ အရေးယူဖို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ကုလသမဂ္ဂကို နိုဝင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်တာ သေချာစေရေး လုပ်စရာအားလုံး လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ ဇလန်းစကီးက လုံခြုံရေးကောင်စီမှာ ပြောတဲ့ မိန့်ခွန်းအတွင်း အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တန်ဖိုးကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့ပေမယ့် အခြား ဗီတိုအာဏာရှင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်တို့လို ဗီတိုအာဏာရထားလို့ ကုလ လုံခြုံရေးကောင်စီက ဘယ်လိုအရေးယူတာမှ မလုပ်နိုင်ခဲ့ပါဘူး။

ယူကရိန်းမြို့တော် ကိယက်ဗ်ကနေ ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းအတွင်း ဇလန်းစကီးက ဘူချာမြို့ထဲက အခင်းအကျင်း အသေးစိတ်ကို ဖော်ပြထားပါတယ်။ ရုရှားအစိုးရဟာ ယူကရိန်းကို ကျွန်အဖြစ် ပြောင်းချင်နေတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး စစ်ရာဇဝတ်မှုတွေကို ရုရှားတပ်တွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲရင်း ရုရှားစစ်တပ်နဲ့ အမိန့်ပေးသူတွေ တာဝန်ခံရမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားကတော့ အရပ်သားတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်ကို ငြင်းပါတယ်။ နာဇီလက်သစ်ဝါဒကို တိုက်ဖျက်ဖို့နဲ့ ယူကရိန်းစစ်တပ် အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တဲ့ အထူးစစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့လည်း ရုရှားက ပြောပါတယ်။

ဒီစစ်ပွဲကြောင့် ယူကရိန်းပြည်သူ လေးသန်းကျော် နိုင်ငံစွန့်ခွာခဲ့ရပြီး နိုင်ငံ့လူဦးရေရဲ့ လေးပုံတပုံ ကျော်တဲ့ ပြည်သူ ၁၁ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

3 weeks Ago
Up