ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးပြီးတိုင်း အထွေထွေညီလာခံ ကျင်းပရမည်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် တနိုင်ငံက ဗီတိုအာဏာ သုံးတဲ့အခါတိုင်း ၁၀ ရက်အတွင်း အထွေထွေညီလာခံ အစည်းအဝေး ကျင်းပရမယ့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) က ဧပြီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ဒီအဆိုပြုချက်ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စဆွေးနွေးခဲ့ပြီး အခု အတည်ပြုလိုက်တာပါ။
ဆုံးဖြတ်ချက်ကို ဦးဆောင်သူ လက်ရှ်တန်စတိုင်းနိုင်ငံ သံအမတ်ကြီး ခရစ္စတင်း ဗီနာဗီဇာက "လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီးတိုင်း UNGA ကို အလုပ်ချိန် ၁၀ ရက်အတွင်း အလိုအလျောက် ခေါ်ယူကျင်းပနိုင်ဖို့ UNGA ကို လုပ်ပိုင်ခွင့်အသစ် ပေးခဲ့တယ်” လို့ ပြောပါတယ်။
ဗီတိုအာဏာဟာ အခွင့်ထူးတခုမဟုတ်ဘဲ တာဝန်တရပ်ဖြစ်တယ်လို့ အဖွဲ့ဝင်နိုင်ငံ အများအပြားက ပြောရင်း ဆုံးဖြတ်ချက်ကို အချိန်နဲ့တပြေးညီ ကြိုဆိုကြပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ ရုရှားက ဗီတိုအာဏာ သုံးနေတဲ့အတွက် ခုလို ဆုံးဖြတ်ကြတာလည်း ဖြစ်ပါတယ်။
တခြားတဖက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် ဂန်နာဒီ ခုဇ်မင်ကတော့ အများသဘောတူဆန္ဒအရ ပါဝင်လိုစိတ် မရှိဘူးလို့ ပြောပါတယ်။
အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်နဲ့ ဗြိတိန်တို့က UNGA မှာ သူတို့ရဲ့ ဗီတိုအာဏာကို သုံးခဲ့ရင် သုံးရတဲ့အကြောင်းရင်းကို ရှင်းပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။