မြန်မာ့အားကစား တိုးတက်အောင်မြင်မှုရခဲ့တာကို မငြင်းနိုင်တဲ့အကြောင်းနဲ့ ကမ္ဘာ့အဆင့်အထိ သွားကြရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
(၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိခဲ့ကြတဲ့ မြန်မာအားကစားအဖွဲ့တွေကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၃ ရက်က နေပြည်တော်မှာ ကျင်းပရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးစေလွှတ်ပြီး အားကစားနည်း ၂၀ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့တာဖြစ်ပါတယ်။
အရင်ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း မြန်မာဟာ အဆင့် ၇ နေရာမှာပဲ ရပ်တည်ခဲ့တာဖြစ်ပြီး အောက်မှာ အာဆီယံ ဒေသတွင်းက လူဦးရေးနည်းပြီး အင်အားအနည်းဆုံးနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမောနိုင်ငံတို့သာရှိနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ကိန်းဂဏန်းများအရ တိုးတက်အောင်မြင်မှု ရခဲ့သည် ကိုမငြင်းနိုင်ကြောင်း၊ ဆီးဂိမ်းစ်မှာသာမကဘဲ အာရှအဆင့်အထိ သွားရမယ်၊ အဲဒီကတဆင့် ကမ္ဘာ့အဆင့်အထိ သွားရမယ် မိမိအနေနဲ့ အပြည့်အဝအားပေးရန်အသင့်ရှိတယ်လို့ပြောပါတယ်။
အားကစားသမားအဖွဲ့တွေအနေနဲ့ အကောင်းဆုံး စံချိန်တွေ အခုရခဲ့သလား ဆိုတာ ပြန်ဆန်းစစ်ဖို့ တချို့သော အားကစားပွဲတွေဟာ နည်းစနစ်အရ၊ သက်လုံအရ၊ ကြံ့ခိုင်မှုအရ လိုအပ်ချက်ရှိနေသေးပြီး အင်ပြည့်အားပြည့် ကစားဖို့ လိုနေသေးတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဆီးဂိမ်စ်မှာ ရွှေတံဆိပ် ရရှိခဲ့သူတွေကို ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ငွေကျပ် သိန်း ၁၀၀ နဲ့ အသင်းလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တယော်ကို ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ် သိန်း ၇၀၊ ကြေးတံ ငွေကျပ် ၃၅ သိန်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ရွှေတံဆိပ်ရ နည်းပြတစ်ဦးကို ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ် ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ် ငွေကျပ်သိန်း ၃၀ နဲ့ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့တွေကိုလည်း ရွှေတံဆိပ်ရအဖွဲ့တွေကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် ငွေကျပ်သိန်း ၃၀ နှုန်းနဲ့ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ကို ချီးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ယခင်စစ်အစိုးရတွေလက်ထက်ကလည်း မြန်မာ့အားကစားကမ္ဘာလွှမ်းရမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။
မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ဗီယက်နမ်ဆီးဂိမ်းအတွက် ပြင်ဆင်မှုတရပ်အနေနဲ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
NSDF လို့ အမည်ပေးထားတဲ့ အဲဒီဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ဖူဆယ်အသင်း အပါအဝင် အိမ်ရှင် ထိုင်းအမျိုးသမီးအသင်း၊ ထိုင်းအောစတားအသင်း၊ အင်ဒိုနီးရှားအသင်းနဲ့ သြစတြေးလျ ဖူဆယ်ကလပ် ဆောက်ပါ့ခ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
အုပ်စုပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီပြိုင်ပွဲကနေ ဆီးဂိမ်းပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းတွေ ရမယ်လို့ အမျိုးသမီးဖူဆယ်နည်းပြ ဦးတင်မောင်ဌေးက ပြောပါတယ်။
“ဒီပြိုင်ပွဲဟာ ကျနော်တို့အသင်းအတွက် အလွန်အကျိုးရှိပါတယ်။ ပြိုင်ပွဲကစားနိုင်ဖို့ ဖိတ်ကြားပေးတဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအကြို ကစားရတာဖြစ်လို့ အသင်းပြင်ဆင်မှုအတွက် အထောက်အကူဖြစ်စေပြီး ခြေစွမ်းပိုကောင်းလာအောင် ကြိုးစားသွားပါမယ်” လို့ ဦးတင်မောင်ဌေးက ပြောပါတယ်။
ပြိုင်ပွဲကို ဧပြီ ၂၀ ရက်ကနေ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီရှိ Eastern National Sports Training Center မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာဖူဆယ်အသင်းက ဧပြီ ၂ဝ ရက်မှာ ထိုင်းအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။
မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ ပြိုင်ပွဲအပြီးမှာလည်း ထိုင်းနိုင်ငံမှာပဲ စခန်းသွင်းလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံကို ဆက်လက်သွားရောက်မှာပါ။
၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ဖူဆယ်ပွဲစဉ်တွေကို မေ ၁ဝ ရက်ကနေ ၁၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လူစာရင်း
အုပ်ချုပ်/နည်းပြအဖွဲ့
အဖွဲ့ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်
နည်းပြချုပ် – ဦးတင်မောင်ဌေး
လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်
ဂိုးနည်းပြ – ဦးဟန်မင်းထွဠ်
အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်
အသင်းဆရာဝန် – ဒေါက်တာ ပွင့်မာလာသော်
အကြောကျွမ်းကျင် – ဒေါ်ထက်ထက်ထွန်း
မီဒီယာ အရာရှိ – ဦးသီဟအောင်
ဂိုးသမားများ
ခိုင်နှင်းသန့် (ISPE)၊ နွယ်နွယ်စိုး (ဧရာဝတီ)၊ ချောစန္ဒီအောင် (ရန်ကုန်)
ကစားသမားများ
အေးအေးထွေး (YREO)၊ နန်းခမ်းမို (SPED)၊ ဝင်းဝင်းခိုင် (ဖူဆယ်ချစ်သူ)၊ နန့်မေသဇင် (ISPE)၊ ခိုင်သဇင်ဦး (ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော် (Shin Lay-2)၊ဝါဝါခိုင် (SPED)၊ ခင်မာလင်း (SPED)၊ အေးငြိမ်းသူ (SPED)၊ ဖြူဖြူကျော် (ကချင်)၊ နန်းဟွန်းလှိုင် (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊ မေဇင်ဦး (ရန်ကုန်)၊ လာအဲဝါ (ရန်ကုန်)၊ မေသက်ပိုင် (ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)။