close

ဆီးဂိမ်းအကြို ထိုင်းဖူဆယ် ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်

ဓာတ်ပုံ - MFF

မြန်မာအမျိုးသမီး ဖူဆယ်အသင်းဟာ ဗီယက်နမ်ဆီးဂိမ်းအတွက် ပြင်ဆင်မှုတရပ်အနေနဲ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

NSDF လို့ အမည်ပေးထားတဲ့ အဲဒီဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ဖူဆယ်အသင်း အပါအဝင် အိမ်ရှင် ထိုင်းအမျိုးသမီးအသင်း၊ ထိုင်းအောစတားအသင်း၊ အင်ဒိုနီးရှားအသင်းနဲ့ သြစတြေးလျ ဖူဆယ်ကလပ် ဆောက်ပါ့ခ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

အုပ်စုပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီပြိုင်ပွဲကနေ ဆီးဂိမ်းပြိုင်ပွဲအတွက် အတွေ့အကြုံကောင်းတွေ ရမယ်လို့ အမျိုးသမီးဖူဆယ်နည်းပြ ဦးတင်မောင်ဌေးက ပြောပါတယ်။

“ဒီပြိုင်ပွဲဟာ ကျနော်တို့အသင်းအတွက် အလွန်အကျိုးရှိပါတယ်။ ပြိုင်ပွဲကစားနိုင်ဖို့ ဖိတ်ကြားပေးတဲ့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအကြို ကစားရတာဖြစ်လို့ အသင်းပြင်ဆင်မှုအတွက် အထောက်အကူဖြစ်စေပြီး ခြေစွမ်းပိုကောင်းလာအောင် ကြိုးစားသွားပါမယ်” လို့ ဦးတင်မောင်ဌေးက ပြောပါတယ်။

ပြိုင်ပွဲကို ဧပြီ ၂၀ ရက်ကနေ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီရှိ Eastern National Sports Training Center မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာဖူဆယ်အသင်းက ဧပြီ ၂ဝ ရက်မှာ ထိုင်းအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။

မြန်မာအမျိုးသမီးဖူဆယ်အသင်းဟာ ပြိုင်ပွဲအပြီးမှာလည်း ထိုင်းနိုင်ငံမှာပဲ စခန်းသွင်းလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံကို ဆက်လက်သွားရောက်မှာပါ။

၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ အမျိုးသမီး ဖူဆယ်ပွဲစဉ်တွေကို မေ ၁ဝ ရက်ကနေ ၁၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လူစာရင်း

အုပ်ချုပ်/နည်းပြအဖွဲ့

အဖွဲ့ခေါင်းဆောင် – ဦးနိုင်သောင်းထိုက်
နည်းပြချုပ် – ဦးတင်မောင်ဌေး
လက်ထောက်နည်းပြ – ဦးဇော်ရဲမောင်
ဂိုးနည်းပြ – ဦးဟန်မင်းထွဠ်
အသင်းအတွင်းရေးမှူး- ဒေါ်သီတာကြည်
အသင်းဆရာဝန် – ဒေါက်တာ ပွင့်မာလာသော်
အကြောကျွမ်းကျင် – ဒေါ်ထက်ထက်ထွန်း
မီဒီယာ အရာရှိ – ဦးသီဟအောင်

ဂိုးသမားများ

ခိုင်နှင်းသန့် (ISPE)၊ နွယ်နွယ်စိုး (ဧရာဝတီ)၊ ချောစန္ဒီအောင် (ရန်ကုန်)

ကစားသမားများ

အေးအေးထွေး (YREO)၊ နန်းခမ်းမို (SPED)၊ ဝင်းဝင်းခိုင် (ဖူဆယ်ချစ်သူ)၊ နန့်မေသဇင် (ISPE)၊ ခိုင်သဇင်ဦး (ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော် (Shin Lay-2)၊ဝါဝါခိုင် (SPED)၊ ခင်မာလင်း (SPED)၊ အေးငြိမ်းသူ (SPED)၊ ဖြူဖြူကျော် (ကချင်)၊ နန်းဟွန်းလှိုင် (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊ မေဇင်ဦး (ရန်ကုန်)၊ လာအဲဝါ (ရန်ကုန်)၊ မေသက်ပိုင် (ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up