ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့စည်ပင်သာယာရုံးဝင်းအတွင်း မတ် ၂၉ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီနေ့ညနေက စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့တယ်။ စည်ပင်ဌာနက လူထုတွေအပေါ် မတရားအခွန်ကောက်နေတာတွေရှိတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် မသင်္ကာတဲ့ လမ်းသွားလမ်းလာလူငယ်တချို့ကို စစ်ကောင်စီတပ်က မတရားဖမ်းဆီး ရိုက်နှက်တာတွေရှိနေတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
“ဒီနေ့ ဗုံးပေါက်ပြီးနောက်ပိုင်း လမ်းသွားလမ်းလာ လူငယ် နှစ်ယောက်ကို ဖမ်းပြီး အင်ပါယာဖုန်းဆိုင်နားမှာ ရိုက်နှက်ထားတာ မြင်လို့တောင် မကောင်းဘူး။ အစစ်အဆေးတွေလည်း လုပ်နေတယ်။”
ကျောက်မဲမြို့စည်ပင်သာယာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။
ကျောက်မဲမြို့စည်ပင်သာယာဌာနဟာ ပြည်သူလူထုတွေအပေါ် အခွန်အခတွေ အဆမတန်ကောက်ခံနေလို့ ပထမအကြိမ် ဗုံးခွဲသတိပေးတာလို့ ပြည်သူ့ကာကွယ်ရေးတပ်(ကျောက်မဲ)က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောက်မဲမြို့က ပြည်သူတွေကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းတာ မတရားဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရသူ ၁၅ ယောက်ကျော်ရှိနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးသူ ၁ ယောက်ရှိခဲ့ပါတယ်။
ဓါတ်ပုံ- စီဂျေ
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက်က လျှပ်စစ်မီတာရုံး EPC ကို ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၃ နာရီလောက်မှာ ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပထမဆုံးတိုက်ခိုက်မှုအဖြစ် ဗုံးဖောက်ခွဲသတိပေးလိုက်တယ်လို့ သိရပါတယ်။
ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ Urban Guerrillas of Pindaya- UGP ကို ဖေဖော်ဝါရီ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး EPC ရုံးဟာ စစ်ကောင်စီအလိုကျ မီတာခွန် အတင်းအဓမ္မ လိုက်ကောက်တာ၊ မီတာမဆောင်သူတွေကို မီးဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာကြောင့် အပျော့စား ဗုံးခွဲသတိပေးတာလို့ ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပင်းတယမြို့နယ်က ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ ပင်းတယ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ UGP ကို ဖွဲ့စည်းတာလို့ ဆိုပါတယ်။