မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရဲကင်းကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီလောက် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင် ခရိုင် ပ.က.ဖ) က ပြောပါတယ်။
ဇန်နဝါရီ ၄ ရက် ပထမအကြိမ် တိုက်ခိုက်မှုမှာတော့ ရဲ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာ ရခဲ့ပြီး အခု တိုက်ခိုက်ရာမှာတော့ Drone Jammer တပ်ဆင်ထားခဲ့တာကြောင့် ဗုံးသီး နှစ်လုံးသာ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်လင်းယုန်က "နောက်ဆက်တွဲ အခြေအနေကတော့ မသိရသေးဘူး။ အဲဒီမှာလည်း သတင်းက ဖုံးထားတဲ့ အနေအထားမှာရှိတယ်။ အဲဒီ ဗုံးသီးချတာတောင်မှာပဲ သူတို့ နင်းမိုင်း ချထားတဲ့ဟာ တွေ ကွဲတာ ဘာညာနဲ့လုပ်နေတာ" လို့ ပြောပါတယ်။
ဒီတကြိမ်တိုက်ခိုက်မှုမှာ ရဲကင်းထဲက ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘဲ စစ်တပ်က ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ချောင်းကြီး ရဲကင်းနားမှာ စစ်တပ်က စစ်ဆေးနေသလို ချောင်းကြီးရွာတဝိုက်က ရွှေလုပ်ကွက် ကုမ္ပဏီတွေထဲ ဝင်ရောက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာ ၆ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူတော်လှန်ရေးအဖွဲ့ Myinmu Revolation Force (MMRF) က ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁ နာရီလောက်က ရွာသာကြီးကျေးရွာကို စစ်ကြောင်းထိုးရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်ရွယ်တဲ့ပစ်မှတ်ကို ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ MMRF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ရွာသာကြီးရွာ လမ်းမကြီးဘေးက ဒီကောင်တွေစုနေတဲ့နေရာကို အလစ်ငိုက်မှာ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကို တည့်တည့်ထိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီမှာ သေတာက ၆ ယောက်၊ ဒဏ်ရာရသူ ၄ ယောက်ရှိတယ်" လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Ngwe Dwin Revolation Force (NDRF)နဲ့ Myinmu Revolation Force (MMRF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက် ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြေပြင်ကနေ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သရက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ချုံခိုပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။