ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မအလယ်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းတာ ၂ နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်တဲ့နေ့မှာ မြို့မ အလယ်တန်းကျောင်းဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတဦးက “ဒီနေ့က စစ်တပ်အာဏာသိမ်းတဲ့နေ့ တမြို့လုံးကလည်း တိတ်ဆိတ်ခြင်းသပိတ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ အတော်များများက အိမ်မှာပဲနေကြတာ။ အဲဒါ အလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးကွဲတယ်။ ပြည်သူတွေ အတော်များများက နေအိမ်အပြင် မထွက်ကြဘူး။ ဘယ်သူခွဲလဲတော့ ကျနော်မသိဘူး။ ဗုံးပေါက်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာပဲ” လို့ ပြောပါတယ်။
မြို့မအလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်းတပင် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မိုးညှင်းမြို့မအလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲတာဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖောက်ခွဲမှုကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Mohnyin Revolution Force က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းနဲ့ အောင်ဇေယျလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းမှာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့ပါတယ်။
CCTV Control Box မှာ ဗုံး ၁ လုံးစခွဲခဲ့တာဖြစ်ပြီး နောက်ထပ် စစ်ကောင်စီတပ်သားတွေ ရောက်လာချိန်မှာ နောက်တလုံးထပ်ကွဲခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ကျနော်တို့က မော်တော်ပီကယ်ရုံးမှာ တည်ထားပြီးခွဲတာ အဲ့မှာ စစ်သားတွေထပ်လာတဲ့အချိန်မှာ နောက်တလုံးထပ်ခွဲတာ သေချာတယ် ထိတာ အရေအတွက်သာမသိတာ”လို့ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက DVB ကို အတည်ပြုပြောပါတယ်။
ဗုံး ၂ လုံးပေါက်ကွဲမှုပြီးနောက် လူနာတင်ယာဉ်တွေ ယာဉ်ထိန်းရဲကင်းရှိရာနားကို ရောက်လာပြီး လူနာ တင်ခေါ်သွားတာ မြင်ရတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာပဲ မြောက်ဥက္ကလာပမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်းတဦးရဲ့နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။