ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၂၈ ရက် ဒီမနက် ၅ နာရီလောက်က လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေ ဒေသခံတွေထံက သိရပါတယ်။
“မနက် အစောကြီးပေါက်ကွဲသံကြားတာပဲ၊ ဘယ်အဖွဲ့က လာထုသွားတယ်တော့ မသိဘူး။ လက်ပစ်ဗုံး ၅ လုံး ပစ်သွားတာ။ ၁ လုံးတော့ကွဲတယ်။ ၄ လုံးကတော့ စစ်ကောင်စီက သိမ်းသွားတယ်ကြားတယ်´ လို့ ဒေသခံက ပြောပါတယ်။
မနက်အစောကြီး ပေါက်ကွဲတာဖြစ်လို့ လူထိခိုက်မှုတော့ မကြားသိရသေးဘဲ ရပ်ကွက်ရုံးကိုတော့ စစ်ကောင်စီအဖွဲ့တွေက အကာအရံတွေ ပြင်ဆင်ပေးသွားတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမှာ မတ် ၂၇ ရက် ညကလည်း ၃ နေရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ရေချမ်းစင် မှတ်တိုင်နားက ဘီယာဆိုင် တစ်ဆိုင်မှာလည်း ဗုံးပေါက်ကွဲခဲ့ပါတယ်။
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က အထက ကျောင်းနဲ့ ပညာရေးမှူးရုံးနားအပါအဝင် ဗုံး ၅ လုံး တွေ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနက် ၇ နာရီလောက်ကတည်းက အထက (၁) ရှေ့နဲ့ ပညာရေးမှူး ရုံးနားမှာ အပြင်းစားဗုံး ၂ လုံးထောင်ထားတယ်လို့ သိရတာ။ ဗုံးကို ဘယ်အဖွဲ့က ထောင်တယ်မသိသေးဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးတွေကို အထက ကျောင်းရှေ့မှာ (၁) လုံး၊ ပညာရေးမှုး ရုံးနားမှာ (၁) လုံး၊ မီးသတ်ကုန်းလမ်းမှာ (၂) လုံးနဲ့ ပြည်တွင်းအခွန်ရုံးနားမှာ (၁) လုံး ထောင်ထားတာလို့ သိရပါတယ်။
မြို့ပေါ်မှာ ၄ နေရာက ဗုံး ၅ လုံးကို စစ်ကောင်စီက ရှင်းလင်းနေရာ ၂ ကြိမ် ပေါက်ကွဲသံကြားရပြီး ဘယ်နားက အလုံးတွေ ရှင်းလင်းတယ်တော့ မသိရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ည ၁၂ နာရီလောက်ကလည်း နွားထိုးကြီးမြို့အရှေ့ဘက်မှာရှိတဲ့ တရုတ်ရေနံပိုက်လိုင်းစက်ဝန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး မြောက်ဘက်နံရံ ပေါက်ထွက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။