နွားထိုးကြီးတွင် တနေ့တည်း ဗုံး ၅ လုံးတွေ့

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က အထက ကျောင်းနဲ့ ပညာရေးမှူးရုံးနားအပါအဝင် ဗုံး ၅ လုံး တွေ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနက် ၇ နာရီလောက်ကတည်းက အထက (၁) ရှေ့နဲ့ ပညာရေးမှူး ရုံးနားမှာ အပြင်းစားဗုံး ၂ လုံးထောင်ထားတယ်လို့ သိရတာ။ ဗုံးကို ဘယ်အဖွဲ့က ထောင်တယ်မသိသေးဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးတွေကို အထက ကျောင်းရှေ့မှာ (၁) လုံး၊ ပညာရေးမှုး ရုံးနားမှာ (၁) လုံး၊ မီးသတ်ကုန်းလမ်းမှာ (၂) လုံးနဲ့ ပြည်တွင်းအခွန်ရုံးနားမှာ (၁) လုံး ထောင်ထားတာလို့ သိရပါတယ်။
မြို့ပေါ်မှာ ၄ နေရာက ဗုံး ၅ လုံးကို စစ်ကောင်စီက ရှင်းလင်းနေရာ ၂ ကြိမ် ပေါက်ကွဲသံကြားရပြီး ဘယ်နားက အလုံးတွေ ရှင်းလင်းတယ်တော့ မသိရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် ည ၁၂ နာရီလောက်ကလည်း နွားထိုးကြီးမြို့အရှေ့ဘက်မှာရှိတဲ့ တရုတ်ရေနံပိုက်လိုင်းစက်ဝန်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး မြောက်ဘက်နံရံ ပေါက်ထွက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။