ရုရှားဟာ အီရန်ရဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေကို ရာနဲ့ချီတဲ့ ဒရုန်းတွေနဲ့ လဲပေးဖို့ ရည်ရွယ်ထားတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ဒီဇင်ဘာ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ ကြေညာချက်ရဲ့ တစိတ်တပိုင်းအဖြစ် “အီရန်ဟာ ရုရှားရဲ့ ထိပ်တန်းစစ်ဘက် ကျောထောက်နောက်ခံတွေထဲက တဦးဖြစ်လာပြီ” လို့ ဝေါေလ့စ်က ဗြိတိန်ပါလီမန်ကို ပြောခဲ့တာပါ။
“ကာမီကာဇေးဒရုန်း ၃၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့တဲ့အတွက် ရုရှားဟာ အခု အီရန်ကို အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပြီး အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေတယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ဆက်ပြောပါတယ်။
အီရန်အစိုးရက ရုရှားအတွက် စစ်ရေးထောက်ပံ့မှုကို ချက်ချင်းရပ်တန့်သင့်တယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်လ်က အီရန်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်။
အီရန်ဟာ ရုရှားအစိုးရကို ဒရုန်းတွေ ထောက်ပံ့ပေးနေတာကို အသိအမှတ်ပြုပေမဲ့ ရုရှားက ဒရုန်းတွေကို ဓာတ်အားပေးစက်ရုံတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေတဲ့ ယူကရိန်းစစ်ပွဲ မတိုင်မီတည်းက ပေးခဲ့တာလို့ ပြောပါတယ်။
ရုရှားနိုင်ငံဆီကို အီရန် မောင်းသူမဲ့လေယာဉ်တွေ ထောက်ပံ့ရေးမှာ ပါတယ်လို့ ယူဆရတဲ့ အီရန်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူတွေကို ဗြိတိန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားပါတယ်။
ဗြိတိန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ရေး ကူညီဖို့ ယူကရိန်းနိုင်ငံဆီကို လက်နက်တွေ ပိုပြီးပို့ပေးဖို့ သဘောတူခဲ့ပြီးပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က မတ် ၃၁ ရက်မှာ ပြောပါတယ်။
"ဒီနေ့ သဘောတူညီချက်ရဲ့ ရလဒ်အနေနဲ့ နောက်ထပ်အကူအညီတွေ ယူကရိန်းဆီကို သွားလိမ့်မယ်၊ အတွေးအခေါ်သစ်တွေနဲ့ ပိုများတဲ့ ငွေကြေးဆိုင်ရာ ကတိတွေနဲ့အတူ နိုင်ငံအများအပြား ရှေ့ထွက်လာကြပြီ" လို့ ဝေါလေ့စ်က သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံတကာ မိတ်ဘက်နိုင်ငံ ၃၀ ကျော်နဲ့အတူ ညီလာခံ တည်ခင်းကျင်းပအပြီးမှာ သူက ပြောလိုက်တာပါ။
အကူအညီတွေထဲမှာ တာဝေးပစ် အမြောက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လေယာဉ်ပစ် လက်နက်တွေ ပါတယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။