ယူကရိန်းကို လက်နက်များပိုမိုပေးအပ်ရန် သဘောတူခဲ့ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ပြော

ဗြိတိန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ရေး ကူညီဖို့ ယူကရိန်းနိုင်ငံဆီကို လက်နက်တွေ ပိုပြီးပို့ပေးဖို့ သဘောတူခဲ့ပြီးပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က မတ် ၃၁ ရက်မှာ ပြောပါတယ်။
"ဒီနေ့ သဘောတူညီချက်ရဲ့ ရလဒ်အနေနဲ့ နောက်ထပ်အကူအညီတွေ ယူကရိန်းဆီကို သွားလိမ့်မယ်၊ အတွေးအခေါ်သစ်တွေနဲ့ ပိုများတဲ့ ငွေကြေးဆိုင်ရာ ကတိတွေနဲ့အတူ နိုင်ငံအများအပြား ရှေ့ထွက်လာကြပြီ" လို့ ဝေါလေ့စ်က သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံတကာ မိတ်ဘက်နိုင်ငံ ၃၀ ကျော်နဲ့အတူ ညီလာခံ တည်ခင်းကျင်းပအပြီးမှာ သူက ပြောလိုက်တာပါ။
အကူအညီတွေထဲမှာ တာဝေးပစ် အမြောက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လေယာဉ်ပစ် လက်နက်တွေ ပါတယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။