ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကိုနှေးကွေးစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြင်သစ်ကိုဝင်ရောက်မယ့် ဗြိတိန်ခရီးသွားတွေကို တားမြစ်သွားမယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။
ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုများနေတဲ့ ယူကေနိုင်ငံကနေလာမယ့် ခရီးသွားလာသူတွေအပေါ် ပိုမိုတင်းကျပ်တဲ့စည်းမျဉ်းတွေကို ကျင့်သုံးခြင်းဟာ ပြင်သစ်ကို နောက်လာမယ့် ကူးစက်ပျံ့နှံ့မှုလှိုင်းအတွက် ပြင်ဆင်ဖို့ အချိန်ပိုရလိမ့်မယ်လို့ ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂါဘရီရယ်အက်တယ်က ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ ခရီးသွားအကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိရင် ဗြိတိန်မှ ခရီးသွားအားလုံးကို တားမြစ်မှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအတွက် ခရီးသွားတာကိုလည်း ပိတ်ပင်မှာဖြစ်တယ်လို့ ပါရီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကေနဲ့ နယ်စပ်မှာ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်သွားလိမ့်မှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အက်တယ်က ပြင်သစ် BFMTV နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ကျော်မှာ စတင်အကျုံးဝင်မယ့် ၀န်ကြီးချုပ်ရုံးရဲ့အစီအမံတွေမှာ UK မှ ရောက်ရှိလာသူတွေ အတွက် တရားဝင် PCR စမ်းသပ်မှုကြာချိန်ကို ၄၈ နာရီမှ ၂၄ နာရီသို့ လျှော့ချလိုက်တာလည်း ပါဝင်ပါတယ်။
ဒီအပြောင်းအလဲဟာ စနေနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ကာကွယ်ဆေး မထိုးထာရသေးတဲ့ ခရီးသွားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
ဗြိတိန်ဟာ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးတွေ့ရှိပြီးနောက် ပြင်သစ်ရဲ့ ဒီလုပ်ဆောင်မှု ရှိလာတာပါ။
ပြင်သစ်မှာ လောလောဆယ် အတည်ပြုထားတဲ့ အိုမီခရွန် ရောဂါဖြစ်ပွားမှု ၂၄၀ ရှိပြီး ဗြိတိန်ထက် အဆပေါင်းများစွာ နည်းပါးတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်တွေကိုတော့ ပြင်သစ်ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းကျဆင်းလာနေလို့ မေ၂၀ရက်က စပြီး စပိန်နိုင်ငံကိုလာတဲ့ ဗြိတိန်နိုင်ငံသားတိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ မဟုတ်ကြောင်း သက်သေခံ PCR ကို ပြရမယ့် စည်းကမ်းချက်ကို ဖယ်ရှားပေးလိုက်ပြီလို့ စပိန်ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောပါတယ်။
ဗြိတိန်ဈေးကွက်ကို ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်လို့ သူတို့ စပိန်ကို လာနိုင်ပြီလို့ ဝန်ကြီးက သတင်းထောက်တွေကို အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောလိုက်ပါတယ်။
ဥရောပသမဂ္ဂ EU ရဲ့ ပြင်ပကနေ လာမယ့် မဖြစ်မနေ မဟုတ်တဲ့ ခရီးသွားတွေကို ခွင့်ပြုရေး EU စည်းမျဉ်းတွေကို ပြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှု အစိတ်အပိုင်းအနေနဲ့ PCR လိုအပ်ချက် ပယ်ဖျက်ဖို့ စီစဉ်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
အခုဗြိတိန်မှာ လူ ၁ သိန်းမှာ အယောက် ၅၀ နှုန်းသာ ကူးစက်မှု ရှိတော့တဲ့အတွက် ပြန်လှန်သုံးသပ်ချက်အရ ဒီနှုန်းအောက်မှာ ဆက်ရှိနေမယ်ဆိုရင် PCR လိုအပ်ချက် မပါဘဲ မေ၂၀ က စပြီး ဗြိတိန်နိုင်ငံသားတွေ လာနိုင်တယ်လို့ မာရိုတိုက ပြောပါတယ်။
ခရီးသည်တွေ ပြန်လာရေး ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဗြိတိန်အစိုးရကို အားပေးတဲ့ အနေနဲ့ စပိန် ကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံအတွင်း ကူးစက်နှုန်းကို ကျအောင် လုပ်ရလိမ့်မယ်လို့ သူက ဖိအားပေး ပြောဆိုပါတယ်။
ဗြိတိန်ဟာ နိုင်ငံခြားခရီးစဉ် အားလုံးနီးပါးကို လချီပြီး တားမြစ်ပိတ်ပင် ထားပြီးတဲ့နောက် မေ ၁၇ ရက်ကစလို့ နိုင်ငံခြားခရီးသွားခွင့်ကို ပြန်ပြီး ခွင့်ပြုပေးတော့မှာပါ။
ဒါပေမဲ့ စပိန်ကို သွားတဲ့ ဗြိတိန်နိုင်ငံသားတွေ ဗြိတိန်ကို ပြန်လာရင် ရောဂါခြေချုပ်နဲ့ ၁၀ ရက်နေရမယ့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်၊ မဟုတ် ၂ကြိမ် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ဗြိတိန်ခရီးသည် ၁၈ သန်းကျော်ဟာ စပိန်ကို ၂၀၁၉ ခုနှစ်ကို သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံခြားခရီးသည် အများဆုံး အုပ်စုလည်း ဖြစ်ပါတယ်။