အိုမီခရွန်ပျံ့နှံ့မှုကာကွယ်ရန် ဗြိတိန်ခရီးသွားများကို ပြည်ဝင်ခွင့်တင်းကျပ်မည်ဟု ပြင်သစ်ပြော

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကိုနှေးကွေးစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြင်သစ်ကိုဝင်ရောက်မယ့် ဗြိတိန်ခရီးသွားတွေကို တားမြစ်သွားမယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။
ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုများနေတဲ့ ယူကေနိုင်ငံကနေလာမယ့် ခရီးသွားလာသူတွေအပေါ် ပိုမိုတင်းကျပ်တဲ့စည်းမျဉ်းတွေကို ကျင့်သုံးခြင်းဟာ ပြင်သစ်ကို နောက်လာမယ့် ကူးစက်ပျံ့နှံ့မှုလှိုင်းအတွက် ပြင်ဆင်ဖို့ အချိန်ပိုရလိမ့်မယ်လို့ ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂါဘရီရယ်အက်တယ်က ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ ခရီးသွားအကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိရင် ဗြိတိန်မှ ခရီးသွားအားလုံးကို တားမြစ်မှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအတွက် ခရီးသွားတာကိုလည်း ပိတ်ပင်မှာဖြစ်တယ်လို့ ပါရီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကေနဲ့ နယ်စပ်မှာ ပိုမိုတင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်သွားလိမ့်မှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အက်တယ်က ပြင်သစ် BFMTV နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညသန်းခေါင်ကျော်မှာ စတင်အကျုံးဝင်မယ့် ၀န်ကြီးချုပ်ရုံးရဲ့အစီအမံတွေမှာ UK မှ ရောက်ရှိလာသူတွေ အတွက် တရားဝင် PCR စမ်းသပ်မှုကြာချိန်ကို ၄၈ နာရီမှ ၂၄ နာရီသို့ လျှော့ချလိုက်တာလည်း ပါဝင်ပါတယ်။
ဒီအပြောင်းအလဲဟာ စနေနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ကာကွယ်ဆေး မထိုးထာရသေးတဲ့ ခရီးသွားတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
ဗြိတိန်ဟာ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးတွေ့ရှိပြီးနောက် ပြင်သစ်ရဲ့ ဒီလုပ်ဆောင်မှု ရှိလာတာပါ။
ပြင်သစ်မှာ လောလောဆယ် အတည်ပြုထားတဲ့ အိုမီခရွန် ရောဂါဖြစ်ပွားမှု ၂၄၀ ရှိပြီး ဗြိတိန်ထက် အဆပေါင်းများစွာ နည်းပါးတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်တွေကိုတော့ ပြင်သစ်ကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။