ဗြိတိန်နိုင်ငံပြည်ထဲရေးဝန်ကြီး ဆူအယ်လာဘရေဗာမန်းဟာ ရဝမ်ဒါနိုင်ငံကို မတ် ၁၈ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။
ဗြိတိန်နိုင်ငံထဲကို ခွင့်ပြုချက်မရှိ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပက်သက်လို့ နေရာပြောင်းရွှေ့ရေးဆိုင်ရာ သဘောတူညီချက်ကို ဒီခရီးစဉ်မှာဆွေးနွေးသွားမှာပါ။
ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကလဲမွန့်တင်း မူကီကာနဲ့အတူ ရဝမ်ဒါနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အိုမာဒီအဲတို့က မြို့တော်ကီဂါလီ နိုင်ငံတကာလေဆိပ်မှာ ဘရေဗာမန်းကို လက်ခံကြိုဆိုခဲ့ ကြပါတယ်။
ဒီအစီအစဉ်ဟာ တရားရေးအရ စိန်ခေါ်မှုတွေ၊ အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေပေမဲ့ ပြည်ထဲရေးဝန်ကြီး ဘရေဗာမန်းကတော့ ဒါကို ရှေ့တိုးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို မိုင်ပေါင်း ၄၀၀၀ ကျော်အကွာက ရဝမ်ဒါနိုင်ငံဆီ ပို့ဆောင်ဖို့ သဘောတူညီခဲ့တာပြီး ဒါဟာ မနှစ်က ပေါင်သန်း ၁၂၀ တန်ကြေးရှိတဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ဗြိတိန်အတိုက်အခံတွေက ဒီမူဝါဒနဲ့ပက်သက်ပြီး တရားရုံးတွေမှာ စောဒကတက်ထား တာကြောင့် နိုင်ငံတွင်းကနေ ပြောင်းရွှေ့နေရာချမှုဆိုင်ရာ လေယာဉ်ထွက်ခွာသွားတာမျိုးတော့ မရှိသေးပါဘူး။
ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့အတူ ဖြတ်ကျော် ဝင်ရောက် လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအပေါ် ဖမ်းဆီးထိန်းသိမ်းကာ နယ်နှင်ဒဏ်ပေးမဲ့ ဗြိတိန်နိုင်ငံအစီအစဉ်ထဲက အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
တချို့သောပရဟိတအဖွဲ့တွေရဲ့ အဆိုပြုချက်ထဲမှာတော့ ထောင်ပေါင်းများစွားသော ဒုက္ခသည် အစစ်တွေကို ဒီလိုလုပ်ဆောင်မယ်ဆိုရင် လက်တွေ့ကျမှု မရှိတဲ့အပြင် ရာဇဝတ်မှုပါ မြောက်နိုင်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။
ဗြိတိန် ပြည်ထဲရေးဝန်ကြီး ဆူအာလယ် ဘရေဗာမန်ဟာ အောက်တိုဘာ ၁၉ ရက်က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
သူဟာ အစိုးရ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်မိခဲ့လို့ နုတ်ထွက်လိုက်တာဖြစ်ပေမဲ့ ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် အစိုးရရဲ့ လမ်းညွှန်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြောင်းလည်း ပြောခဲ့ပါတယ်။
သီတင်းတပတ်အတွင်း အစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ ဒုတိယမြောက် ထိပ်တန်းဝန်ကြီးဖြစ်တဲ့ ဘရေဗာမန်ရဲ့ ထွက်ခွာမှုဟာ ဒေါင်းနင်းလမ်းမှာ တာဝန်စထမ်းဆောင်ပြီး ၆ ပတ်ကျော်အကြာမှာ အာဏာဆက်မြဲနေဖို့ ရုန်းကန်နေရတဲ့ ဝန်ကြီးချုပ် ထရပ်စ်အပေါ် ဖိအားတွေ ပိုများသွားပြီလို့ ဆိုပါတယ်။
“ကျမ အမှားလုပ်မိပါတယ်။ ကျမ တာဝန်ယူပါတယ်။ ကျမ နုတ်ထွက်ပါတယ်” ဆိုတဲ့ ထရပ်စ်ကို ပေးပို့ထားတဲ့စာကို ဘရေဗာမန်က တွစ်တာမှာ တင်ထားပါတယ်။
သူဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအီးမေးလ်မှ တရားဝင် စာရွက်စာတမ်းတစောင်ကို ပါလီမန်လုပ်ဖော်ကိုင်ဘက်တယောက်ဆီ ပေးပို့ခဲ့မိကြောင်း၊ ဒါဟာ စည်းမျဉ်းတွေကို နည်းပညာပိုင်းဆိုင်ရာ ချိုးဖောက်မှုလို့ မှတ်သားမိကြောင်း၊ ဒါကြောင့် သူ နုတ်ထွက်လိုက်တာဟာ မှန်ကန်ကြောင်း ဘရေဗာမန်က ပြောပါတယ်။
စက်တင်ဘာ ၆ ရက်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထရပ်စ်ဟာ အစပိုင်းမှာ ကွန်ဆာဗေးတစ်ပါတီရဲ့ လစ်ဘရယ်ဝါဒီကို သစ္စာခံတဲ့ အကြီးတန်း ဝန်ကြီးတွေရဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ အခု မသုံးဖြစ်တော့တဲ့ စီးပွားရေး အစီအစဉ်ကို စတင်လိုက်ခြင်းဟာ သူ့ရဲ့ ဘဏ္ဍာရေးဝန်ကြီး ကွာစိ ကွာတန်ကို နုတ်ထွက်စေဖို့ ဖိအားဖြစ်ခဲ့ပြီး အခုတော့ ကွာစိ ကွာတန်ရဲ့နေရာမှာ ဂျယ်ရမီဟန့်တ်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
ဟန့်တ်က ထရပ်စ်ရဲ့ပြိုင်ဘက် ရီရှိဆူနတ်ခ်ကို ခေါင်းဆောင်မှုနေရာအတွက် ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
ဆူနက်ခ်ကို ထောက်ခံခဲ့တဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း ဂရန့်ရှပ်ကို အခုအခါ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် အစားထိုးဖွယ်ရှိကြောင်း ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။