close

ဗြိတိန်ပြည်ထဲရေးဝန်ကြီး ရဝမ်ဒါသို့ သွားရောက်

ဗြိတိန်နိုင်ငံပြည်ထဲရေးဝန်ကြီး ဆူအယ်လာဘရေဗာမန်းဟာ ရဝမ်ဒါနိုင်ငံကို မတ် ၁၈ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံထဲကို ခွင့်ပြုချက်မရှိ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပက်သက်လို့ နေရာပြောင်းရွှေ့ရေးဆိုင်ရာ သဘောတူညီချက်ကို ဒီခရီးစဉ်မှာဆွေးနွေးသွားမှာပါ။

ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကလဲမွန့်တင်း မူကီကာနဲ့အတူ ရဝမ်ဒါနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အိုမာဒီအဲတို့က မြို့တော်ကီဂါလီ နိုင်ငံတကာလေဆိပ်မှာ ဘရေဗာမန်းကို လက်ခံကြိုဆိုခဲ့ ကြပါတယ်။ 

ဒီအစီအစဉ်ဟာ တရားရေးအရ စိန်ခေါ်မှုတွေ၊ အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေပေမဲ့ ပြည်ထဲရေးဝန်ကြီး ဘရေဗာမန်းကတော့ ဒါကို ရှေ့တိုးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံဟာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို မိုင်ပေါင်း ၄၀၀၀ ကျော်အကွာက ရဝမ်ဒါနိုင်ငံဆီ ပို့ဆောင်ဖို့ သဘောတူညီခဲ့တာပြီး ဒါဟာ မနှစ်က ပေါင်သန်း ၁၂၀ တန်ကြေးရှိတဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ 

ဗြိတိန်အတိုက်အခံတွေက ဒီမူဝါဒနဲ့ပက်သက်ပြီး တရားရုံးတွေမှာ စောဒကတက်ထား တာကြောင့် နိုင်ငံတွင်းကနေ ပြောင်းရွှေ့နေရာချမှုဆိုင်ရာ လေယာဉ်ထွက်ခွာသွားတာမျိုးတော့ မရှိသေးပါဘူး။

ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့အတူ ဖြတ်ကျော် ဝင်ရောက် လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအပေါ် ဖမ်းဆီးထိန်းသိမ်းကာ နယ်နှင်ဒဏ်ပေးမဲ့ ဗြိတိန်နိုင်ငံအစီအစဉ်ထဲက အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

တချို့သောပရဟိတအဖွဲ့တွေရဲ့ အဆိုပြုချက်ထဲမှာတော့ ထောင်ပေါင်းများစွားသော ဒုက္ခသည် အစစ်တွေကို ဒီလိုလုပ်ဆောင်မယ်ဆိုရင် လက်တွေ့ကျမှု မရှိတဲ့အပြင် ရာဇဝတ်မှုပါ မြောက်နိုင်တယ်ဆိုပြီး ဝေဖန်ထားပါတယ်။ 

Up