ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အခုသီတင်းပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲချိန် မိနစ် ၇၀ ရောက်တိုင်း တမိနစ်လက်ခုပ်တီးပြီး ဂုဏ်ပြုကြမှာပါ။
ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ အဲဒီအစီအစဉ်ကို ထည့်သွင်းခဲ့တာပါ။
ပွဲမတိုင်ခင်မှာလည်း ဗြိတိန်နိုင်ငံတော်သီချင်း သီဆိုမှာဖြစ်သလို ဘုရင်မကြီး ကွယ်လွန်သွားတဲ့ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တမိနစ်ငြိမ်သက်ဆုတောင်းတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
ကစားသမားတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေအားလုံးက လက်ပတ်အနက်ရောင် ဝတ်ဆင်ကြမှာလည်း ဖြစ်ပါတယ်။
ဗြိတိန်ကလပ်တွေရဲ့ ဥရောပပြိုင်ပွဲတွေမှာတော့ နိုင်ငံတော်သီချင်းသီဆိုတာကို ခွင့်မပြုကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ထားပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံရဲ့ ဒူဘိုင်းမြို့မှာရှိတဲ့ ဘာ့ဂျခါလီဖှာ မိုးမျှော်တိုက်မှာ စက်တင်ဘာ ၁၁ ရက်က ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ရုပ်ပုံနဲ့ ဗြိတိန်အလံကို မီးထွန်းညှိထားခဲ့ပါတယ်။
ဒီအဆောက်အဦးဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်ပြီး ဒူဘိုင်းမှာရှိတဲ့ ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်ဟာ စက်တင်ဘာ ၈ ရက်နေ့က အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးတဲ့အချိန်မှာ ပြည်တွင်း ပြည်ပနဲ့ ကမ္ဘာတဝန်းက သူ့အပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။