close

ဗြိတိန်ဝန်ကြီးချုပ်သစ်

close

November 20, 2022

ယူကရိန်းကို ကာကွယ်ရေးအထောက်အပံ့အသစ်များ ပံ့ပိုးပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ်ပြော

ဗြိတိန်ဝန်ကြီးချုပ်သစ် ရိရှိ ဆူနပ်ခ်ဟာ နိုဝင်ဘာ ၁၉ ရက်မှာ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ဆီ ပထမဆုံး လာရောက်လည်ပတ်ခဲ့ပြီး သူ အရင်တည်းက အာရုံစိုက်ခဲ့တဲ့ ယူကရိန်းနိုင်ငံအတွက် ခိုင်ခိုင်မာမာ ဆက်ပြီး ပံ့ပိုး ကူညီသွားမယ်၊ ရုရှား မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချရာမှာ ကူညီဖို့ လေကြောင်းရန်ကာကွယ်ရေး အစီအစဉ်သစ်တခု ပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆူနပ်ခ်ရဲ့ခရီးစဉ်အတွင်း ဗြိတိန်ဟာ လေယာဉ်ပစ်သေနတ် အလက် ၁၂၀၊ ရေဒါနဲ့ မောင်းသူမဲ့ လေယာဉ် ဆန့်ကျင်ရေး ကိရိယာတွေအပါအဝင် လေကြောင်းရန် ကာကွယ်ရေး အထောက်အပံ့ အသစ်တွေ ပံ့ပိုးပေးမယ်လို့ ဆူနပ်ခ်က ပြောခဲ့ပါတယ်။ 

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမယ့် သင်တန်းတွေကိုလည်း တိုးမြှင့်သွားမယ် လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းအပေါ် ရုရှားဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ခုအချိန်အထိ ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေရဲ့ ထက်ဝက်လောက် ပျက်စီးခဲ့ပြီး ရုရှားဟာ လျှပ်စစ်ဓာတ်အားသာမက ဓာတ်ငွေ့အခြေခံအဆောက်အအုံတွေကိုပါ စပြီး တိုက်ခိုက် နေပြီလို့ ဇလန်းစကီးက ပြောပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနပ်ခ်ဟာ လစ်ဇ်ထရပ်စ် သက်တမ်းတို ၀န်ကြီးချုပ်ဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့လက ဝန်ကြီးချုပ် ရာထူးကို ရလာတာပါ။

လစ်ဇ်ထရပ်စ်နဲ့ ဘောရစ်ဂျွန်ဆင်တို့ဟာ ဆူနပ်ခ် ကတိကဝတ်ပြုထားတဲ့ အစီအစဉ်ရဲ့ အရေးကြီး တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ယူကရိန်းအတွက် လူသိရှင်ကြား ထောက်ခံထားပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို ပံ့ပိုးထားတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်ဖို့ ပြီးခဲ့တဲ့လက စပြီး ရုရှားဟာ အီရန်နိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်တွေကို အသုံးပြုခြင်း အပါအဝင် တာဝေးပစ် တိုက်ခိုက်မှုတွေနဲ့ ယူကရိန်း စွမ်းအင်အခြေခံ အဆောက်အအုံတွေကို ပိုပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ 

2 hours Ago

October 26, 2022

စီးပွားရေးတည်ငြိမ်အောင်လုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီဆူးနတ်ခ် ပြော

ဗြိတိန်ရဲ့ စီးပွားရေးတည်ငြိမ်ရေးနဲ့  တိုင်းပြည်ညီညွတ်ရေး လုပ်ဆောင်သွားမယ်လို့  ဝန်ကြီးချုပ်သစ် ရီရှီဆူးနတ်ခ်က ကတိပေးပြောကြားလိုက်ပါတယ်။

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနတ်ခ်ဟာ အောက်တိုဘာ ၂၅ ရက် မနက်က  ဘာကင်ဟမ်နန်းတော်မှာ ချားစ်ဘုရင်ကြီးနဲ့တွေ့ဆုံပြီးနောက် လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်း ရုံးရှေ့မှာ  ဝန်ကြီးချုပ်အဖြစ် ပထမဆုံး မိန့်ခွန်းပြောကြားရာမှာ ပြောဆိုခဲ့တာပါ။ 

သူ့အအစိုးရအဖွဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေထဲမှာ စီးပွားရေးတည်ငြိမ်အောင်လုပ်ဖို့ အဓိက ဖြစ်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချက်မှတ်လုပ်ဆောင်ရဖို့ရှိနေတယ်လို့  ဆူးနတ်ခ်က ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့ နိုင်ငံဟာ နက်ရှိုင်းတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ကိုဗစ်ရောဂါကပ်ဘေးပြီးသွားပေမဲ့ ရောဂါကူးစက်မှုတွေ ဆက်ရှိနေတုန်းပဲ။ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲဟာ စွမ်းအင်ဈေးကွက်နဲ့  ကမ္ဘာပေါ်က ကုန်စည်စီးဆင်းမှု ကွင်းဆက်တွေ မတည်မငြိမ်ဖြစ်စေတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ 

သူ့ရင်တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်ကိုလည်း ချီးကျူးဂုဏ်ပြုတဲ့အကြောင်း၊ တိုင်းပြည်ကို တိုးတက်စေချင်တဲ့နေရာမှာ လစ်ဇ်ကမမှားခဲ့ကြောင်း၊ ဒါဟာ မြင့်မြတ်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး အပြောင်းအလဲဖြစ်ဖို့ လစ်ဇ်ရဲ့  မနားမနေကြိုးပမ်းဆောင်ရွက်ချက်တွေ အတွက် လေးစားတဲ့အကြောင်း၊ ဒါပေမဲ့ အမှားအယွင်းတချို့ပြုလုပ်ခဲ့ပြီး ဒါဟာလည်း မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့လည်း ဆူးနတ်ခ်က ပြောပါတယ်။. 

သူ့အနေနဲ့ကွန်ဆာဗေးတစ်ပါတီရဲ့ ရွေးကောက်ခံခေါင်းဆောင် အဖြစ်နဲ့ရော ဝန်ကြီးချုပ်တယောက် အနေနဲ့ပါ အမှားအယွင်းတွေကို  ချက်ချင်းစတင်ပြုပြင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ နောက်မျိုးဆက်သစ်တွေ၊ ကလေးတွေနဲ့ မြေးတွေကို အကြွေးတွေနဲ့ ထားခဲ့မှာမဟုတ်ဘူးလို့လည်း ကတိပေးပြောကြားသွားပါတယ်။ 

နိုင်ငံကို ညီညွတ်အောင် အပြောနဲ့မဟုတ် အလုပ်နဲ့ သက်သေပြသွားမယ်၊ အစိုးရအဖွဲ့ အဆင့်တိုင်းမှာ ဂုဏ်သိက္ခာရှိရှိ၊ ပညာရှင်ဆန်ဆန်နဲ့ တာဝန်ခံမှုရှိရှိ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးချုပ်သစ် ဆူးနတ်ခ်က ကတိပြုပြောကြားသွားပါတယ်။

ရီရှီဆူးနတ်ခ်ဟာ အောက်တိုဘာ ၂၄ ရက်မှာ အာဏာရကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် အတည်ပြုရွေးချယ်ခံရပြီးတဲ့နောက်  အခု ၂၀၂၂ နှစ်တနှစ် အတွင်း ဗြိတိန်ရဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာတာပါ။

အသက် ၄၂ နှစ်အရွယ် ရီရှီဆူးနတ်ခ်ဟာ နှစ်ပေါင်း ၂၀၀ အတွင်း    ဗြိတိန်နိုင်ငံရဲ့   အသက်အငယ်ဆုံးနဲ့ ပထမဆုံးသော အာရှနွယ်ဖွား ၀န်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်သွား ပါတယ်။

လက်ရှိငွေကြေးမတည်မငြိမ်ဖြစ်နေပြီး  သန်းနဲ့ချီတဲ့ ပြည်သူတွေ အစားအစားနဲ့ စွမ်းအင်အသုံးစရိတ်အတွက် အခက်အခဲကြုံနေရတဲ့ တိုင်းပြည်မှာ စီးပွားရေး အကျပ်အတည်းကို ထိန်းချုပ်ဖြေရှင်းဖို့  အရေးတကြီး တာဝန်အဖြစ် လုပ်ဆောင်ရဖို့ရှိနေပါတယ်။ 

ဝန်ကြီးချုပ်သစ် ဆူးနတ်ခ်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုလည်း ချက်ချင်း ခန့်အပ်ဖို့ရှိနေပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ်  အရင်ဝန်ကြီးချုပ် လစ်ထရပ်ဇ် ခန့်အပ်ထားခဲ့တဲ့ ဂျရယ်မီဟန့်ကိုပဲ ဆက်လက် တာဝန်ပေးသွားမယ်လို့ ဆူးနတ်ခ်က ပြောပါတယ်။  လစ်ဇ်ထရပ်စ် ခန့်ထားတဲ့ ဝန်ကြီး တဒါဇင်လောက်ကို ဖယ်ရှားလိုက်ပြီး  ဂျရယ်မီဟန့် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဗာလေနဲ့  ကာ‌ကွယ်ရေးဝန်ကြီး ဘန်ဝယ်လေ့စ်တို့ကိုတော့ ဆက်လက်ခန့်ထားဖို့ ရှိနေပါတယ်။

အတိုက်အခံလေဘာပါတီ အမတ် ရိုဆီနာအယ်လ်လင်ခန်းကတော့ ဆူးနတ်ခ်ရဲ့ အစိုးရအဖွဲ့ဟာ အသစ်စက်စက်စတင်လိုက်တဲ့အစိုးရအဖွဲ့သစ်မဟုတ်ဘဲ အရင် ဖရိုဖရဲ ကွန်ဆာဗေးတစ်အစိုးရအဖွဲ့နဲ့ အတူတူပါဘဲလို့ လူမှုကွန်ရက် မှာဝေဖန်ရေးသားထားပါတယ်။ 

ဆူးနတ်ရဲ့ ဇနီးဖြစ်သူအက်ခ်ရှာတာမာတီရဲ့ ဖခင်ဟာ အိန္ဒိယ အိုင်တီကုမ္ပဏီ Infosys ရဲ့ တည်ထောင်သူ ဘီလီယံနာသူဌေးကြီးဖြစ်ပြီး  ဆူးနတ်ခ်တို့ ဇနီးမောင်နှံရဲ့ ပိုင်ဆိုင်မှုဟာ စတာလင်ပေါင် သန်း ၇၃၀  ( ဒေါ်လာ သန်း ၈၂၀ ) လောက်ရှိမယ်လို့ ဗြိတိသျှသတင်းစာတွေက ခန့်မှန်းပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ဗြိတိန်နိုင်ငံမှာ ပြည်သူတွေက ရွေးကောက်ပွဲ စောစောကျင်းပဖို့ ဖိအားပေးတောင်းဆိုတာမရှိရင် ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ရွေးကောက်ပွဲကျင်းပဖို့ မလိုသေးတာကြောင့် ဝန်ကြီးချုပ်သစ် ဆူးနတ်ခ်အနေနဲ့  ဒီကြားထဲမှာ ပြဿနာကြီးကြီးမားမားနဲ့ မကြုံတွေ့ရင်  အချိန် ၂ နှစ်လောက် တာဝန်ထမ်းဆောင်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

4 weeks Ago
Up