close

ဘဂ္ဂဒက်မြို့

close

July 20, 2021

ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာဈေးတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၃၅ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က ဆာဒါမြို့ လူစည်ကားရာ ဈေးထဲမှာ ဇူလိုင် ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၃၅ ယောက်ထက်မနည်း သေဆုံးပြီး လူအယောက် ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါပြီး ဈေးဆိုင်တချို့ မီးလောင်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

ဒီလုပ်ရပ်ကို ဘယ်သူကမှ တာဝန်မခံကြသေးပါဘူး။ ဒဏ်ရာရသူတချို့ အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပြီလို့ အီရတ် လုံခြုံရေးဌာန မီဒီယာတွေက ပြောပါတယ်။ 

ဒါဟာ ဘဂ္ဂဒက်မြို့ရဲ့ ရှီးယိုက် မွတ်စလင်ရပ်ကွက်တွေ အဓိကရှိရာ ဆာဒါမြို့ကို တတိယမြောက် ဖောက်ခွဲမှုပါ။ ဇွန်လ ဖောက်ခွဲမှုတုန်းက လူ ၁၁ ယောက် ဒဏ်ရာရပါတယ်။

ဇန်နဝါရီလက ဈေးထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အသေခံ တိုက်ခိုက်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ အရေးနိမ့်ပြီးကတည်းက တချိန်က အီရတ်မြို့တော်မှာ နေ့တိုင်းလိုလို ဖြစ်ခဲ့တဲ့ အကြီးစား ဗုံးခွဲတိုက်ခိုက်မှုတွေ လတ်တလော နှစ်တွေမှာ ရပ်တန့်ခဲ့ပါတယ်။

လုံခြုံရေးအခြေအနေ တိုးတက်လာခဲ့လို့ ဘဂ္ဂဒက်မြို့တော်မှာ ပုံမှန် လူနေမှုဘဝကို ပြန်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

12 hours Ago

January 1, 2020

ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို ဆန္ဒပြသူများ မီးရှို့တိုက်ခိုက်

အီရတ်မှာ အမေရိကန်က လေကြောင်းတိုက်ခိုက်တဲ့အပေါ် ဒေါသဖြစ်ပြီး   ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို ဒီဇင်ဘာ ၃၁ ရက်က ပြည်သူစစ်တွေနဲ့ ဆန္ဒပြသူတွေ ထောင်ချီပြီး တိုက်ခိုက်ခဲ့ပါတယ်။  ဆန္ဒပြသူတွေက အမေရိကန်သံရုံးဝင်းတံခါးကို စုံပြုံတိုးပြီး  သံရုံးကို ကျောက်ခဲတွေနဲ့ ပေါက်ကာ မီးတွေရှို့ခဲ့ပါတယ်။ ဒါပေမဲ့ အီရတ်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ တခြားဝန်ထမ်းတွေကို လုံခြုံရေးအတွက် ဘေးလွတ်ရာ ပြောင်းပေးခဲ့တယ်လို့ အီရတ်တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ဒီဇင်ဘာ ၂၉ ရက်က အမေရိကန်တိုက်လေယာဉ်တွေဟာ  အီရတ်နိုင်ငံအတွင်းရှိ အီရန် ကျောထောက်နောက်ခံပေးထားတဲ့  ခါတေး-ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်တာဟာ   အီရတ်စစ်အခြေစိုက်စခန်းကို ဒုံးကျည်နဲ့တိုက်ခိုက်ရာမှာ အမေရိကန်အရပ်သား ကန်ထရိုက်တာတဦး သေဆုံးခဲ့တဲ့အတွက် အမေရိကန် က  လက်တုံ့ပြန်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ  အမေရိကန်နဲ့ အီရန်ပဋိပက္ခထဲ  အီရတ်ကို ဆွဲသွင်းလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် သံရုံးကို  ဆန္ဒပြသူတွေ တိုက်ခိုက်ချိန် သံရုံးပတ်လည်မှာ လုံခြုံရေးအတွက်  အီရတ် အထူး တပ်ဖွဲ့တွေကို ချထားပါတယ်။ သံရုံးအပြင်ဘက်ကနေ  ဆန္ဒပြသူတွေနဲ့ ပြည်သူ့စစ်တွေ တိုက်ခိုက်ချိန် သံရုံးအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ရှိနေပုံကိုလည်း  အီရတ် ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။
2 years Ago
Up