ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာဈေးတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၃၅ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က ဆာဒါမြို့ လူစည်ကားရာ ဈေးထဲမှာ ဇူလိုင် ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၃၅ ယောက်ထက်မနည်း သေဆုံးပြီး လူအယောက် ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
သေဆုံး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါပြီး ဈေးဆိုင်တချို့ မီးလောင်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလုပ်ရပ်ကို ဘယ်သူကမှ တာဝန်မခံကြသေးပါဘူး။ ဒဏ်ရာရသူတချို့ အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပြီလို့ အီရတ် လုံခြုံရေးဌာန မီဒီယာတွေက ပြောပါတယ်။
ဒါဟာ ဘဂ္ဂဒက်မြို့ရဲ့ ရှီးယိုက် မွတ်စလင်ရပ်ကွက်တွေ အဓိကရှိရာ ဆာဒါမြို့ကို တတိယမြောက် ဖောက်ခွဲမှုပါ။ ဇွန်လ ဖောက်ခွဲမှုတုန်းက လူ ၁၁ ယောက် ဒဏ်ရာရပါတယ်။
ဇန်နဝါရီလက ဈေးထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အသေခံ တိုက်ခိုက်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ အရေးနိမ့်ပြီးကတည်းက တချိန်က အီရတ်မြို့တော်မှာ နေ့တိုင်းလိုလို ဖြစ်ခဲ့တဲ့ အကြီးစား ဗုံးခွဲတိုက်ခိုက်မှုတွေ လတ်တလော နှစ်တွေမှာ ရပ်တန့်ခဲ့ပါတယ်။
လုံခြုံရေးအခြေအနေ တိုးတက်လာခဲ့လို့ ဘဂ္ဂဒက်မြို့တော်မှာ ပုံမှန် လူနေမှုဘဝကို ပြန်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။