ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်းမောင်းနယ်မြေရှိ ဧပြီ ၁၇ ရက်နေ့က နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ကြောင်အား တွေ့အောင်ရှာပေးနိုင်သူကို ဘတ် ၃ သိန်းဆုချမယ်လို့ ကြောင်ပိုင်ရှင်က ကြေညာထားပါတယ်။
ကြောင်ကလေးအမည်မှာ မဏီးလို့ခေါ်ပြီး အသက် ၃ နှစ်ရွယ် Scottish Fold အမျိုးအစားဖြစ်ကြောင်း၊ စီစီကင်မရာထဲ တွေ့ရှိချက်အရ ဧပြီ ၁၇ ရက် မနက် ၁ နာရီလောက်က ဒွန်းမောင်းနယ်မြေ Town in Town လမ်းသွယ်အမှတ် ၃ ရှိ Noble Tara z.b အိမ်ရာကနေ ထွက်သွားတာလို့ ပိုင်ရှင်ဖြစ်သူ ခွန်နာ့ထာက သူ့ရဲ့လူမှုကွန်ရက်မှာ ကြော်ငြာထားပါတယ်။
အစပိုင်းမှာ ကြောင်တွေ့သူကို ဘတ် ၁ သောင်း ဆုချမယ်လို့ ကြေညာထာားပေမယ့် မတွေ့တာကြောင့် ဘတ် ၃ သိန်း တိုးမြှင့်ပေးလိုက်တာလို့ ဆိုပါတယ်။
အဆိုပါကြော်ငြာကြောင့် သူတို့နယ်မြေထဲမှာ ရပ်နီးရပ်ဝေးကနေ ကြောင်လာရှာပေးတဲ့သူတွေနဲ့ စည်ကားနေပါတယ်။
ချနယ်လ် ၃ တီဗွီသတင်းထောက်က ကြောင်ရှာသူအချို့ကို သွားမေးရာမှာ - သူတို့အနေနဲ့ တသက်လုံး ငွေရှာလာတာ ဘတ်ငွေ ၃ သိန်း မပြောနဲ့၊ ၁ သိန်းတောင်မစုနိုင်လို့ ကြောင်လာရှာကြောင်း၊ နောက်တယောက်ကလည်း အလုပ်အကိုင်မကောင်း စားဝတ်နေရေးကျပ်တည်းလို့ ကြောင်လာရှာတာ၊ တွေ့ရင်တော့ ၃ သိန်းလုံး မရရင်တောင် ၁ သိန်းလောက်လည်း ကျေနပ်ကြောင်း၊ နောက်စုံတွဲ တခုကတော့ သူတို့လည်း ကြောင်ချစ်သူမို့ ကိုယ်ချင်းစာစိတ်နဲ့လာရှာကြောင်း ဆုငွေရရင်တချို့ကို အလှူလုပ်မယ်လို့ ပြောသွားပါတယ်။
ကြောင်လာရှာသူတွေ များလွန်းလို့ ရပ်ကွက်ထဲမှာ ဆိုင်ကယ်သံ၊ ကားသံ လူသံတွေနဲ့ ဆူညံနေပြီး အနီးနားပတ်ဝန်းကျင်က လူတွေ ငြိုငြင်လာပါတယ်။ ဒါကြောင့် ကြောင်ပိုင်ရှင်က ထွက်လာကာ အားလုံးကိုတောင်းပန်ပြီး ဆုငွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။
ဧပြီ ၂၁ ရက် မနက် ၁ နာရီမှာတော့ ကြောင်ကိုပြန်တွေ့ပြီလို့ ပိုင်ရှင်ဖြစ်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် Manee Thara မှာ ဖော်ပြပါတယ်။ အဆိုပါကြောင်လေးဟာ သူ့ဘာသူပြန်လာနေတာကို အိမ်ရာလုံခြုံရေးအစောင့်ကတွေ့လို့ အကြောင်းကြားခဲ့ကြောင်း၊ ကြောင်လေးဟာ သူတို့ဘေးအိမ်ထဲကို ဝင်သွားပြီး အိမ်နီးချင်းက တံခါးဖွင့်ပေးလိုက်ကာ အဲဒီအိမ်ထဲမှာပဲ သွားပွေ့ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
၃ ရက်တာကာလအတွင်း ကြောင်ပြန်တွေ့အောင် လိုက်ရှာပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ ကြောင်ကလေးမှာ ဒဏ်ရာအနည်းငယ်နဲ့ အမွေးတွေကျွတ် ကိုယ်နည်းနည်းပူနေလို့ ဆေးခန်းမှာ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ပိုင်ရှင်က ပြောပါတယ်။
ဆုငွေ ၃ သိန်းကတော့ ဘယ်သူရမလဲ၊ ပိုင်ရှင်က ပေးမလား မပေးဘူးလားဆိုတာကိုလည်း အားလုံးက သိချင်နေကြပါတယ်။