close

ဘန်ကောက်မြို့က ဆုကြေးငွေ ဘတ် ၃ သိန်းတန် ကြောင်ပျောက်ရှာပုံတော်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်းမောင်းနယ်မြေရှိ ဧပြီ ၁၇ ရက်နေ့က နေအိမ်ကနေ ပျောက်ဆုံးသွားတဲ့ကြောင်အား တွေ့အောင်ရှာပေးနိုင်သူကို ဘတ် ၃ သိန်းဆုချမယ်လို့ ကြောင်ပိုင်ရှင်က ကြေညာထားပါတယ်။ 

ကြောင်မလေးအမည်မှာ မဏီးလို့ခေါ်ပြီး အသက် ၃ နှစ်ရွယ် Scottish Fold အမျိုးအစားဖြစ်ကြောင်း၊ စီစီကင်မရာထဲ တွေ့ရှိချက်အရ ဧပြီ ၁၇ ရက် မနက် ၁ နာရီလောက်က ဒွန်းမောင်းနယ်မြေ Town in Town လမ်းသွယ်အမှတ် ၃ ရှိ Noble Tara z.b အိမ်ရာကနေ ထွက်သွားတာလို့ ပိုင်ရှင်ဖြစ်သူ ခွန်နာ့ထာက သူ့ရဲ့လူမှုကွန်ရက်မှာ ကြော်ငြာထားပါတယ်။ 

အစပိုင်းမှာ ကြောင်တွေ့သူကို ဘတ် ၁ သောင်း ဆုချမယ်လို့ ကြေညာထာားပေမယ့် မတွေ့တာကြောင့် ဘတ် ၃ သိန်း တိုးမြှင့်ပေးလိုက်တာလို့ ဆိုပါတယ်။ 

အဆိုပါကြော်ငြာကြောင့် သူတို့နယ်မြေထဲမှာ ရပ်နီးရပ်ဝေးကနေ ကြောင်လာရှာပေးတဲ့သူတွေနဲ့ စည်ကားနေပါတယ်။ 

ချနယ်လ် ၃ တီဗွီသတင်းထောက်က ကြောင်ရှာသူအချို့ကို သွားမေးရာမှာ - သူတို့အနေနဲ့ တသက်လုံး ငွေရှာလာတာ ဘတ်ငွေ ၃ သိန်း မပြောနဲ့၊ ၁ သိန်းတောင်မစုနိုင်လို့ ကြောင်လာရှာကြောင်း၊ နောက်တယောက်ကလည်း အလုပ်အကိုင်မကောင်း စားဝတ်နေရေးကျပ်တည်းလို့ ကြောင်လာရှာတာ၊ တွေ့ရင်တော့ ၃ သိန်းလုံး မရရင်တောင် ၁ သိန်းလောက်လည်း ကျေနပ်ကြောင်း၊ နောက်စုံတွဲ တခုကတော့ သူတို့လည်း ကြောင်ချစ်သူမို့ ကိုယ်ချင်းစာစိတ်နဲ့လာရှာကြောင်း ဆုငွေရရင်တချို့ကို  အလှူလုပ်မယ်လို့ ပြောသွားပါတယ်။ 

ကြောင်လာရှာသူတွေ များလွန်းလို့ ရပ်ကွက်ထဲမှာ ဆိုင်ကယ်သံ၊ ကားသံ လူသံတွေနဲ့ ဆူညံနေပြီး အနီးနားပတ်ဝန်းကျင်က လူတွေ ငြိုငြင်လာပါတယ်။  ဒါကြောင့် ကြောင်ပိုင်ရှင်က ထွက်လာကာ အားလုံးကိုတောင်းပန်ပြီး ဆုငွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။ 

ဧပြီ ၂၁ ရက် မနက် ၁ နာရီမှာတော့ ကြောင်ကိုပြန်တွေ့ပြီလို့ ပိုင်ရှင်ဖြစ်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် Manee Thara မှာ ဖော်ပြပါတယ်။  အဆိုပါကြောင်လေးဟာ သူ့ဘာသူပြန်လာနေတာကို အိမ်ရာလုံခြုံရေးအစောင့်ကတွေ့လို့ အကြောင်းကြားခဲ့ကြောင်း၊ ကြောင်လေးဟာ သူတို့ဘေးအိမ်ထဲကို ဝင်သွားပြီး အိမ်နီးချင်းက တံခါးဖွင့်ပေးလိုက်ကာ အဲဒီအိမ်ထဲမှာပဲ သွားပွေ့ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

၃ ရက်တာကာလအတွင်း ကြောင်ပြန်တွေ့အောင် လိုက်ရှာပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ ကြောင်ကလေးမှာ ဒဏ်ရာအနည်းငယ်နဲ့ အမွေးတွေကျွတ် ကိုယ်နည်းနည်းပူနေလို့ ဆေးခန်းမှာ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ပိုင်ရှင်က ပြောပါတယ်။ 

ဆုငွေ ၃ သိန်းကတော့ ဘယ်သူရမလဲ၊ ပိုင်ရှင်က ပေးမလား မပေးဘူးလားဆိုတာကိုလည်း အားလုံးက သိချင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up