ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ မတ်လ ၉ ရက် မနေ့ နေ့ခင်းပိုင်းက မြန်မာရွှေ့ပြောင်း လုပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးအလုပ်သမ ၁ ဦး သေဆုံးသွားကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ ဖယာထိုင်းနယ်မြေ ပသူနမ့်ဈေးအနီး ကုန်တိုက်ကြီးတစ်ခုရှေ့မှာ ဓားထိုးမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖယာထိုင်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ ကုန်တိုက်ကြီးရှေ့ တဲထိုးပြီး ရောင်းတဲ့ဈေးဆိုင်တန်းမှာ ဖြစ်ကြောင်း၊ အသက် ၃၀ ကျော်ရွယ်အမျိုးသမီး ၁ ဦး ဓားထိုးဒဏ်ရာ ၅ ချက်နဲ့ သွေးအိုင်ထဲမှာ လဲကျနေပြီး သူနာပြုတွေက နာရီဝက်ခန့် အသက်ရှူအောင် ဆောင်ရွက်ခဲ့ပေမဲ့ အဲဒီနေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေ ပြောပြချက်အရ အဆိုပါအမျိုးသမီးမှာ အသက် ၃၄ နှစ်ရွယ်ရှိ မဖြူမာအောင် ဆိုသူ မြန်မာအလုပ်သမဖြစ်ပြီး ဓားနဲ့ထိုးသူမှာလည်း လုပ်ဖော်ကိုင်ဖက် မြန်မာ အလုပ်သမား သက်လင်းဦး ဆိုသူဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အလုပ်ရှင်တစ်ယောက်တည်း ပိုင်တဲ့ သစ်သီးဆိုင်မှာ အတူတူအလုပ်လုပ်နေတာလို့ ဆိုပါတယ်။
သက်လင်းဦးဟာ ဓားထိုးမှု ကျူးလွန်ပြီးတဲ့နောက် ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ ကုန်တိုက် လုံခြုံရေးအစောင့်တွေက သူ့ကိုဖမ်းပြီး ရဲလက်အပ်ခဲ့ပါတယ်။
သူ့ရဲ့ထွက်ဆိုချက်အရ မဖြူမာအောင်ဟာ အဲဒီအလုပ်ရှင်ထံမှာ သူ့ထက်အရင် ၁၀ နှစ်ခန့် စောပြီး အလုပ်လုပ်နေကြောင်း၊ သူဟာ အတိုင်အတောထူပြီး မိမိဟာ အလုပ်မကြိုးစားဘဲ တချိန်လုံး ဖုန်းပွတ်နေတယ်လို့ အလုပ်ရှင်ကို တိုင်ကြားခဲ့တာကြောင့် စိတ်ဆိုးပြီး အသွား ၃ လက်မချွန် သစ်သီးလှီးတဲ့ဓားနဲ့ ထိုးခဲ့တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ဖယာထိုင်းနယ်မြေရဲစခန်းကို ခေါ်ဆောင်သွားပြီး တမင်ကြံရွယ် လူသတ်မှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - mgronline
မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတခုကို ထိုင်းအစိုးရရဲ့ ကမကထပြုမှုနဲ့ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၂၂ ရက်ကကျင်းပရာမှာ စစ်ကောင်စီဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး အာဆီယံအနေနဲ့ CRPH၊ NUG၊ PDF နဲ့ မဆက်သွယ်ဖို့နဲ့ အားပေးထောက်ခံတာမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
ဒီအစည်းအဝေးမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ဒေါက်တာကံဇော်နဲ့ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ အာဆီယံ တူညီဆန္ဒ(၅)ချက်နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စ၊ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်တဲ့ကိစ္စ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတဲ့ကိစ္စတွေကို စစ်ကောင်စီဝန်ကြီးတွေက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုရှိအောင်ဘယ်လို အရှိန်မြှင့်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားလုပ်ဆောင်နိုင်ဖို့ အကြံဉာဏ်တွေရနိုင်ဖို့ အလွတ်သဘောတွေ့ဆုံပွဲကျင်းပတာလို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက လည်း သတင်းထုတ်ပြန်ထားပေမဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် တဲ့အကြောင်း၊ မြန်မာနိုင်ငံ ပုံမှန်အခြေနေဆီပြန်သွားနိုင်ဖို့ ထွက်ပေါက်နဲ့ လမ်းကြောင်းတွေရှာဖွေဖို့ မြန်မာဘက်က အမြင်တွေကို ကြားခွင့် အမြင်တွေဖလှယ်ခွင့်ရခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကန်ချနာပတ်ထရာချုပ်က ပြောပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အထောက်အကူဖြစ်စေနိုင်တဲ့ တခြားချည်းကပ်မှုနည်းလမ်းတွေကို ရှာဖွေစူးစမ်းနိုင်ခဲ့တယ်လို့ပြောတဲ့ အကြောင်းလည်း ဘန်ကောက်ပို့စ် သတင်းမှာ ရေးပါတယ်။
ဒီဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေထဲက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒုဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့ပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ဝန်ကြီးတွေကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် ဒေသတွင်း အရေးပါတဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို ပါဝင်တက်ရောက်ခွင့်မပေးပဲထားချိန်မှာ ထိုင်းအစိုးရက စစ်ကောင်စီခန့်ဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး အလွတ်သဘော အထူးအစည်း အဝေးကို ထိုင်းနိုင်ငံမှာကျင်းပဖို့စီစဉ်ခဲ့ပြီး စိတ်ဝင်စားသူတွေ လာရောက်ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့တာပါ။
ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ ထိုင်းက အကြံပြုတင်ပြခဲ့ဖူးပါတယ်။
အခုဘန်ကောက်မှာ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပချိန်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးဆုံးဖြတ်ချက်ချပြီးချိန်၊ NUG၊ CRPH၊ PDF နဲ့ EAO တွေကို ကူညီဖို့ အမေရိကန်က NDAA ဥပဒေကို အတည်ပြုထားပြီးချိန်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။
Photo-MFAIC