ဘန်ကောက်မြို့လယ်ကုန်တိုက်ရှေ့တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး အမျိုးသမီး ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ မတ်လ ၉ ရက် မနေ့ နေ့ခင်းပိုင်းက မြန်မာရွှေ့ပြောင်း လုပ်သားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးအလုပ်သမ ၁ ဦး သေဆုံးသွားကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့ ဖယာထိုင်းနယ်မြေ ပသူနမ့်ဈေးအနီး ကုန်တိုက်ကြီးတစ်ခုရှေ့မှာ ဓားထိုးမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖယာထိုင်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ ကုန်တိုက်ကြီးရှေ့ တဲထိုးပြီး ရောင်းတဲ့ဈေးဆိုင်တန်းမှာ ဖြစ်ကြောင်း၊ အသက် ၃၀ ကျော်ရွယ်အမျိုးသမီး ၁ ဦး ဓားထိုးဒဏ်ရာ ၅ ချက်နဲ့ သွေးအိုင်ထဲမှာ လဲကျနေပြီး သူနာပြုတွေက နာရီဝက်ခန့် အသက်ရှူအောင် ဆောင်ရွက်ခဲ့ပေမဲ့ အဲဒီနေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေ ပြောပြချက်အရ အဆိုပါအမျိုးသမီးမှာ အသက် ၃၄ နှစ်ရွယ်ရှိ မဖြူမာအောင် ဆိုသူ မြန်မာအလုပ်သမဖြစ်ပြီး ဓားနဲ့ထိုးသူမှာလည်း လုပ်ဖော်ကိုင်ဖက် မြန်မာ အလုပ်သမား သက်လင်းဦး ဆိုသူဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အလုပ်ရှင်တစ်ယောက်တည်း ပိုင်တဲ့ သစ်သီးဆိုင်မှာ အတူတူအလုပ်လုပ်နေတာလို့ ဆိုပါတယ်။
သက်လင်းဦးဟာ ဓားထိုးမှု ကျူးလွန်ပြီးတဲ့နောက် ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ ကုန်တိုက် လုံခြုံရေးအစောင့်တွေက သူ့ကိုဖမ်းပြီး ရဲလက်အပ်ခဲ့ပါတယ်။
သူ့ရဲ့ထွက်ဆိုချက်အရ မဖြူမာအောင်ဟာ အဲဒီအလုပ်ရှင်ထံမှာ သူ့ထက်အရင် ၁၀ နှစ်ခန့် စောပြီး အလုပ်လုပ်နေကြောင်း၊ သူဟာ အတိုင်အတောထူပြီး မိမိဟာ အလုပ်မကြိုးစားဘဲ တချိန်လုံး ဖုန်းပွတ်နေတယ်လို့ အလုပ်ရှင်ကို တိုင်ကြားခဲ့တာကြောင့် စိတ်ဆိုးပြီး အသွား ၃ လက်မချွန် သစ်သီးလှီးတဲ့ဓားနဲ့ ထိုးခဲ့တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ဖယာထိုင်းနယ်မြေရဲစခန်းကို ခေါ်ဆောင်သွားပြီး တမင်ကြံရွယ် လူသတ်မှုနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - mgronline