ဘရာဇီးနိုင်ငံတောင်ပိုင်း ဖလော်ရီယာနိုပိုလစ်မြို့က ဒေသခံတွေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်လာတဲ့ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဒီဇင်ဘာ ၂ ရက်မှာ ရုန်းကန်နေကြရပါတယ်။
ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကတာရီနာပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် မြို့ပေါင်း ၃၀ မှာ အရေးပေါ်အခြေအနေ ကြေညာထားရပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့မှူး ဒီယိုဂို ဘာဟီဟာ လော့ဆိုက “လူတွေက အရမ်းကို ယိမ်းခါလှုပ်ယမ်းနေတဲ့ တိုင်တွေ၊ သစ်ပင်တွေကို သတိထား စောင့်ကြည့်နေရမှာဖြစ်ပြီး မီးသတ်သမားတွေဆီ အရောက်သွားပြီး ဘေးကင်းတဲ့နေရာကို ရောက်ရှိဖို့ ဒီနေရာကနေ ထွက်သွားရပါမယ်”လို့ ပြောပါတယ်။
ဆန်တာ ကတာရီနာ ပြည်နယ်ရဲ့ မြို့တော် ဖလော်ရီယာနိုပိုလစ်မှာ လူတွေဟာ လမ်းမတွေပေါ်မှာ လှေနဲ့ဖြတ်သန်း သွားလာနေရပြီး တချို့လည်း ပေါင်အထိ နက်တဲ့ ရွှံ့ရေတွေထဲ လမ်းလျှောက် နေကြရပါတယ်။
ဒေသခံတစ်ဦးဖြစ်တဲ့ ဓာတ်ပုံဆရာ၊ ဖှရန်စီယန် ဖှါယွန်ကတော့ လျှပ်စစ်မီးမရှိ၊ အင်တာနက်မရနဲ့ ဘာဆို ဘာမှ မရလို့ သူ့အမေအိမ်ကိုလည်း သွားလို့မရဘဲ သူ့အမေ အခြေအနေကိုလည်း ဘာမှ မသိရသေးဘူးလို့ ပြောပါတယ်။
ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်းက အာကာသကနေ ပြုတ်ကျပြီး ကောင်းကင် တခွင် တောက်ပလင်းချင်းနေတဲ့ ဥက္ကာပျံတစ်ခုရဲ့ ပုံရိပ်ကို ကင်မရာကနေ ဖမ်းမိခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ဟောလားအန်ယွန်း အာကာသစူးစမ်းလေ့လာရေးဌာနက သိပ္ပံဒါရိုက်တာ ကာလို ဖှာနန်ဒိုယွန်း တပ်ဆင်ထားတဲ့ ကင်မရာက ဥက္ကာပျံတစင်း ကမ္ဘာ့လေထုထဲကို ဝင်လာပြီး ကောင်းကင်မှာ လောင်ကျွမ်းသွားတဲ့ ပုံရိပ်ကို ဖမ်းမိခဲ့တာပါ။
ဥက္ကာပျံကြွေကျချိန် ၁ ဒသမ ၈ စက္ကန့်ကြာမြင့်ပြီး ဥက္ကာပျံဟာ အမြင့် (၇၇ ဒသမ ၀၅ မိုင်) မှာ လေထုထဲ ဝင်ရောက်ခဲ့ပြီး အမြင့် (၆၉ ဒသမ ၅ မိုင်) မှာ မီးငြိမ်းသွားခဲ့တာပါ။
တနင်္လာနေ့က တွေ့ရတဲ့ ဥက္ကာပျံဟာ ဟျိုဂရန်ဒီ ဒူဆူမှာ ၂၀၂၂ ခုနှစ်အတွက် မှတ်တမ်းတင်ဖူးသမျှ အကြီးမားဆုံးလို့ ဖှာနန်ဒိုယွန်းက ပြောပါတယ်။ ဥက္ကာပျံ ကြွေကျတဲ့အတွက် မြေပြင်မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။