close

ဘလင်ကန်

close

April 16, 2023

ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများပေါက်ကြားမှု မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မထိခိုက်ဟု ဝန်ကြီးဘလင်ကန်ပြော

ထိပ်တန်းလျှို့ဝှက်စစ်ထောက်လှမ်းရေးမှတ်တမ်းတွေ အွန်လိုင်းမှာပေါက်ကြားတာဟာ အမေရိကန် အစိုးရရဲ့  မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဧပြီ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဘလင်ကန်က ခုလိုပြောလိုက်တာပါ။

အမေရိကန်ဟာ ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ သူ့မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ စေ့စပ်ဆွေးနွေးခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။

အမေရိကန်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေအတွက် ကျေးဇူးတင်တယ်လို့လည်း သူက  ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိပ်တန်းလျှို့ဝှက် စစ်ထောက်လှမ်းရေး မှတ်တမ်းတွေကို အွန်လိုင်းမှာ ပေါက်ကြားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အမေရိကန်လေတပ် အိုင်တီကျွမ်းကျင်သူ တပ်ဖွဲ့ဝင်တစ်ဦးကို ဥပဒေမဲ့ ကူးယူခြင်းနဲ့ အမျိုးအစားခွဲထားတဲ့ ပစ္စည်းတွေ ပေးပို့ခြင်းတို့အတွက် သောကြာနေ့က တရားစွဲဆိုခဲ့ပါတယ်။

မက်ဆာချူးဆက်ပြည်နယ် နော့သ်ဒိုက်တန်မြို့နယ်က ဂျက်ခ်ဒေါက်ဂလပ်စ်တေးခ်ရှေးရာကို လက်နက်ကိုင်ထားတဲ့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI အေးဂျင့်တွေက ကြာသပတေးနေ့မှာ သူ့နေအိမ်ကနေ ဖမ်းဆီးခဲ့ပါတယ်။

5 mins Ago

April 11, 2023

မြန်မာနှစ်သစ်ကူးသင်္ကြန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆုတောင်း

၂၀၂၃ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရုံးကနေ  ဧပြီ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး သင်္ကြန်ဆိုတာ အဟောင်းမှ​ အသစ်သို့ ကူးပြောင်းတဲ့ အခါသမယတစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ နိုင်ငံတော်အတွက် လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ကို ထင်ဟပ်ဆင်ခြင်ဖို့ အခွင့်အခါတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်အဖွဲ့ဟာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေကို အမြောက်အမြားကျူးလွန်နေချိန်မှာ အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် နှိပ်စက်ကလူပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုတွေမှာ အမေရိကန်က ဆက်လက် ဦးဆောင်သွားဖို့ သံန္နိဋ္ဌာန်ချထားတယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ 

ဒီမိုကရေစီအရေးရှေးရှုတဲ့ လှုပ်ရှားမှုတွေ၊ အကျပ်အတည်းအဆုံးသတ်စေဖို့ နည်းလမ်းရှာနေကြသူတွေနဲ့ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရက်တစ်အနာဂါတ်တစ်ခုကို ရည်သန်ကြိုးပမ်းနေကြသူတွေကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ စစ်ကောင်စီက နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေသလို တော်လှန်ရေးအင်အားစုတွေကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်တာမလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Photo Credit-US State Department

5 days Ago
Up