close

ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများပေါက်ကြားမှု မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မထိခိုက်ဟု ဝန်ကြီးဘလင်ကန်ပြော

ထိပ်တန်းလျှို့ဝှက်စစ်ထောက်လှမ်းရေးမှတ်တမ်းတွေ အွန်လိုင်းမှာပေါက်ကြားတာဟာ အမေရိကန် အစိုးရရဲ့  မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဧပြီ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဘလင်ကန်က ခုလိုပြောလိုက်တာပါ။

အမေရိကန်ဟာ ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ သူ့မိတ်ဖက်တွေ မဟာမိတ်တွေနဲ့ စေ့စပ်ဆွေးနွေးခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။

အမေရိကန်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေအတွက် ကျေးဇူးတင်တယ်လို့လည်း သူက  ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိပ်တန်းလျှို့ဝှက် စစ်ထောက်လှမ်းရေး မှတ်တမ်းတွေကို အွန်လိုင်းမှာ ပေါက်ကြားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အမေရိကန်လေတပ် အိုင်တီကျွမ်းကျင်သူ တပ်ဖွဲ့ဝင်တစ်ဦးကို ဥပဒေမဲ့ ကူးယူခြင်းနဲ့ အမျိုးအစားခွဲထားတဲ့ ပစ္စည်းတွေ ပေးပို့ခြင်းတို့အတွက် သောကြာနေ့က တရားစွဲဆိုခဲ့ပါတယ်။

မက်ဆာချူးဆက်ပြည်နယ် နော့သ်ဒိုက်တန်မြို့နယ်က ဂျက်ခ်ဒေါက်ဂလပ်စ်တေးခ်ရှေးရာကို လက်နက်ကိုင်ထားတဲ့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI အေးဂျင့်တွေက ကြာသပတေးနေ့မှာ သူ့နေအိမ်ကနေ ဖမ်းဆီးခဲ့ပါတယ်။

Up