အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ အနောက်အာဖရိက ဒေသစီးပွားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အီကိုဝပ်စ် (ECOWAS) က ဒီတပတ်ထဲမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဘာကီနာဖာဆိုနိုင်ငံကို အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်စဲထားမယ်လို့ ဂါနာသမ္မတ နာနာ အကူဖို အက်ဒိုက ပြတ်ပြတ်သားသား ပြောပါတယ်။
အီကိုဝပ်စ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ ဂါနာသမ္မတက “အနောက်အာဖရိကဒေသနိုင်ငံ တွေထဲမှာ အာဏာသိမ်းမှုဖြစ်ပွားတာ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်တန်ဖိုးကို တိုက်ရိုက်ချိုးဖောက်တာပါ။ ဒေသရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်တာပါ။ဒေသရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးကို အဟန့်အတား ဖြစ်စေတာပါ။ ဒါကြောင့် ဘာကီနာဖာဆိုမှာ တရားမျှတမှုနဲ့ အရပ်သားအစိုးရပြန်ရရှိဖို့ ကျန်ဒေသနိုင်ငံတွေက အလေးထား လုပ်ဆောင်သွားမယ်၊ ကမ္ဘာကြီးက လည်း ကျနော်တို့နဲ့ ပူးပေါင်းပါ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ ဘာကီနာဖာဆို စစ်တပ်က အရပ်သားသမ္မတ ရော့ကာဘိုရီ (Roch Kabore) ကို အာဏာသိမ်းဖြုတ်ချခဲ့တာပါ။
အီကိုဝပ်စ်က အဖွဲ့ဝင်တွေဖြစ်တဲ့ ၂၀၂၀ မှာ မာလီနိုင်ငံနဲ့ ၂၀၂၁ မှာ ဂီနီနိုင်ငံတို့ရဲ့ စစ်အာဏာ သိမ်းမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ခဲ့တာပါ။
နိုဝင်ဘာ ၂၇ ရက်က အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ဘာကီနာဖာဆိုနိုင်ငံရဲ့ မြို့တော်မှာ ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲပါတယ်။
သမ္မတ Roch Kabore ရဲ့ အတိုက်အခံတွေက နိုင်ငံမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတာကို အစိုးရက အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ဝေဖန်နေကြတာပါ။
အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတစ်ခုမှာ စစ်ရဲအရာရှိ ၄၉ ယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်ကလည်း နိုင်ငံမြောက်ပိုင်းက Inata မြို့နားမှာ လုံခြုံရေးတပ်ဖွဲ့တွေ အထိနာတဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။
အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ ဘာကီနာဖာဆိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်လောက်ကတည်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတားဆီးနိုင်တဲ့ အစိုးရနဲ့ အစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ပြင်သစ်အစိုးရအပေါ် ပြည်သူတွေက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။
အဲဒီအချိန်လောက်ကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပြီး လူ ၁၀၀ လောက် ပါဝင်တဲ့ စနေနေ့ ဆန္ဒပြပွဲကို ရဲက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။