စစ်အာဏာသိမ်းထားသည့် ဘာကီနာဖာဆိုနိုင်ငံကို ECOWAS အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲမည်

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ အနောက်အာဖရိက ဒေသစီးပွားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အီကိုဝပ်စ် (ECOWAS) က ဒီတပတ်ထဲမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဘာကီနာဖာဆိုနိုင်ငံကို အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်စဲထားမယ်လို့ ဂါနာသမ္မတ နာနာ အကူဖို အက်ဒိုက ပြတ်ပြတ်သားသား ပြောပါတယ်။
အီကိုဝပ်စ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ ဂါနာသမ္မတက “အနောက်အာဖရိကဒေသနိုင်ငံ တွေထဲမှာ အာဏာသိမ်းမှုဖြစ်ပွားတာ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်တန်ဖိုးကို တိုက်ရိုက်ချိုးဖောက်တာပါ။ ဒေသရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်တာပါ။ဒေသရဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးကို အဟန့်အတား ဖြစ်စေတာပါ။ ဒါကြောင့် ဘာကီနာဖာဆိုမှာ တရားမျှတမှုနဲ့ အရပ်သားအစိုးရပြန်ရရှိဖို့ ကျန်ဒေသနိုင်ငံတွေက အလေးထား လုပ်ဆောင်သွားမယ်၊ ကမ္ဘာကြီးက လည်း ကျနော်တို့နဲ့ ပူးပေါင်းပါ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ ဘာကီနာဖာဆို စစ်တပ်က အရပ်သားသမ္မတ ရော့ကာဘိုရီ (Roch Kabore) ကို အာဏာသိမ်းဖြုတ်ချခဲ့တာပါ။
အီကိုဝပ်စ်က အဖွဲ့ဝင်တွေဖြစ်တဲ့ ၂၀၂၀ မှာ မာလီနိုင်ငံနဲ့ ၂၀၂၁ မှာ ဂီနီနိုင်ငံတို့ရဲ့ စစ်အာဏာ သိမ်းမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ခဲ့တာပါ။