close

ဘာလီကျွန်း

close

March 16, 2023

ဘာလီကျွန်းသို့လာမည့် ရုရှားနှင့် ယူကရိန်း ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ရုပ်သိမ်း

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ရုရှားနဲ့ ယူကရိန်း ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို ပြန်ရုပ်သိမ်းပြီး နိုင်ငံခြားခရီးသွားတွေအတွက် ဆိုင်ကယ်ငှားရမ်းတာကိုလည်း တားမြစ်မယ့် အစီအစဉ်တွေကို လုပ်ဆောင်နေကြောင်း ဘာလီကျွန်း အုပ်ချုပ်ရေးမှူး အိုင်ဝါယန်ကော့စ်တာကက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။

ဒေသအစဉ်အလာ ကျင့်ဝတ်တွေကို ဆက်တိုက်ချိုးဖောက် ကျူးလွန်မှုတွေ ဖြစ်ပွားတာကြောင့် အထူးသဖြင့် ရုရှားနဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးမှု အခွင့်အရေးကို ပယ်ဖျက်လိုက်ပြီး ဗီဇာလိုအပ်ချက်တွေကို တင်းကျပ်ဖို့ ဥပဒေနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကို သူက တောင်းဆိုထားတာဖြစ်ကြောင်း ကော့စ်စတာက ပြောပါတယ်။

ကော့စ်စတာက သူ့အစိုးရဟာ နိုင်ငံခြားသားတွေအတွက် ဆိုင်ကယ်ငှားရမ်းတာကိုလည်း တားမြစ်လိုကြောင်းနဲ့ သူတို့ကို ခရီးသွားအေဂျင်စီတွေက စီစဉ်ပေးတဲ့ သယ်ယူပို့ဆောင်ရေးကိုသာ အသုံးပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဆိုင်ကယ်စီးရင် ဟဲလ်မက်ဦးထုပ်မပါ၊ လိုင်စင်မရှိ၊ ယာဉ်စည်းကမ်းတွေလည်း ချိုးဖောက်တာ စသဖြင့် ဆိုးဆိုးရွားရွားတွေရှိတယ်” လို့ ဆိုပါတယ်။

တခြားနိုင်ငံသားတွေက ဒီလိုချိုးဖောက်မှုမျိုး မရှိလို့ သူတို့ကိုတော့ ဗီဇာ မတားမြစ်ထားဘူး လို့လည်း ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားတွေက ဆိုရှယ်မီဒီယာမှာ မြင့်မြတ်တဲ့သစ်ပင်မှာ ကိုယ်တုံးလုံး ဓာတ်ပုံရိုက်တဲ့ မော်ဒယ်တယောက်အကြောင်းနဲ့ အရက်မူးပြီး ကားမောင်းရင်း လမ်းသွားလမ်းလာတဦးကို ဝင်တိုက်ခဲ့တဲ့ လူတယောက်အကြောင်းတွေ အပါအဝင် ဘာလီကျွန်းရှိ ရုရှားခရီးသွားတချို့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြားလာကြတာကြောင့် ဒီအစီအစဉ်ကို လုပ်ဆောင်လာတာပါ။

ရုရှားခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီလိုလုပ်ရင် ဘာလီကျွန်းရှိ ခရီးသွားလုပ်ငန်းကို ထိခိုက်လိမ့်မယ်လို့ ပြောပါတယ်။

ရုရှားခရီးသွားတွေဟာ အင်ဒိုနီးရှားနိုင်ငံကို လာရောက်မှုအများဆုံး နိုင်ငံခြားသားအုပ်စုတွေ ဖြစ်ပြီး ဒီအစီအစဉ်ကို စိတ်ပျက်မိကြောင်းနဲ့ ဒီမှာ ဗီဇာခက်ခဲရင် အရှေ့တောင်အာရှရဲ့ တခြားနေရာတွေကို သွားမယ်လို့ ရုရှားခရီးသွား အလက်ဇန်းဒါး အိုင်ဗန်နိုက ပြောပါတယ်။

32 mins Ago

November 17, 2022

တရုတ်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုဝင်ဘာ ၁၆ ရက် ညနေက တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ တရုတ်-အင်ဒိုနီးရှား အသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ သဘောတူညီချက်တရပ် ရခဲ့ပါတယ်။

နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး တည်ထောင်ခြင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို နှစ်နိုင်ငံ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာသစ်တွေ ဖွင့်လှစ်ဖို့ အခွင့်အလမ်းအဖြစ် လာမယ့်နှစ်မှာ ကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။

ရှီနဲ့ ဝီဒိုဒိုတို့ဟာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား စမ်းသပ်လည်ပတ်မှုကို ဗွီဒီယိုလင့်ခ်မှတဆင့် ပထမဆုံး ကြည့်ရှုခဲ့ကြပါတယ်။

မီးရထားလမ်းဖောက်လုပ်ရေး တိုးတက်မှုအခြေအနေ အကျဉ်းချုပ် အပါအဝင် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှုတွေအကြောင်း ဗွီဒီယို တင်ဆက်မှုကိုလည်း ကြည့်ခဲ့ကြပါတယ်။

ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းဟာ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းပါ။ စတင်လည်ပတ်ပြီးတာနဲ့ ဂျကာတာကနေ ဘန်ဒေါင်းဆီ ခရီးသွားချိန်ကို လက်ရှိ သုံးနာရီကနေ  မိနစ် ၄၀ အထိ လျှော့ချမှာဖြစ်ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံတို့ကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို အားကောင်းခိုင်မာစေမယ့် လှုပ်ရှားမှုစီမံချက် (၂၀၂၂-၂၀၂၆) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ခါးပတ်တကွင်း လမ်းတစင်း စီမံချက်နဲ့စပ်လျဉ်းတဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ ဆေးဖက်ဝင်အပင်တွေ စတဲ့ နယ်ပယ်တွေကို လွှမ်းခြုံထားပါတယ်။

4 months Ago
Up