တရုတ်သမ္မတနှင့် အင်ဒိုနီးရှားသမ္မတ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နိုဝင်ဘာ ၁၆ ရက် ညနေက တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ တရုတ်-အင်ဒိုနီးရှား အသိုက်အဝန်း တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ သဘောတူညီချက်တရပ် ရခဲ့ပါတယ်။
နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေး တည်ထောင်ခြင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို နှစ်နိုင်ငံ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာသစ်တွေ ဖွင့်လှစ်ဖို့ အခွင့်အလမ်းအဖြစ် လာမယ့်နှစ်မှာ ကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။
ရှီနဲ့ ဝီဒိုဒိုတို့ဟာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်မီးရထား စမ်းသပ်လည်ပတ်မှုကို ဗွီဒီယိုလင့်ခ်မှတဆင့် ပထမဆုံး ကြည့်ရှုခဲ့ကြပါတယ်။
မီးရထားလမ်းဖောက်လုပ်ရေး တိုးတက်မှုအခြေအနေ အကျဉ်းချုပ် အပါအဝင် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်မှုတွေအကြောင်း ဗွီဒီယို တင်ဆက်မှုကိုလည်း ကြည့်ခဲ့ကြပါတယ်။
ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းဟာ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းပါ။ စတင်လည်ပတ်ပြီးတာနဲ့ ဂျကာတာကနေ ဘန်ဒေါင်းဆီ ခရီးသွားချိန်ကို လက်ရှိ သုံးနာရီကနေ မိနစ် ၄၀ အထိ လျှော့ချမှာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံတို့ကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို အားကောင်းခိုင်မာစေမယ့် လှုပ်ရှားမှုစီမံချက် (၂၀၂၂-၂၀၂၆) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ခါးပတ်တကွင်း လမ်းတစင်း စီမံချက်နဲ့စပ်လျဉ်းတဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ စီးပွားရေးနဲ့ ကုန်သွယ်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ ဆေးဖက်ဝင်အပင်တွေ စတဲ့ နယ်ပယ်တွေကို လွှမ်းခြုံထားပါတယ်။