ကရင်ပြည်နယ်၊ ဘားအံမြို့ (တောင်ကလေး) အကျဉ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ အယောက် ၁၇၀ ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရသူ အနည်းငယ်သာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဘားအံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘားအံ (တောင်ကလေး) အကျဉ်းထောင်က အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၁၆ ဦး ပြန်လွတ်လာတာဖြစ်ပြီး မာလာဖူးကျောက်ထုတ်စခန်းက ၁၇ ဦးနဲ့ လှာကမြင် စိုက်ပျိုးရေးစခန်းက ၂၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်လာတဲ့သူတွေဟာ လွတ်ရက်စေ့သူတွေ၊ တနှစ်အောက်ရှိတဲ့သူတွေကို လွှတ်ပေးတာဖြစ်ပြီး စစ်တပ်အဆက်ဆက် လုပ်ပုံလုပ်နည်းဖြစ်လို့ ထူးထူးဆန်းဆန်း မခံစားရဘူးလို့ ဘားအံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
“နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တဲ့လူတွေ လွတ်တာနည်းတယ်။ ဒီလူတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတာ။ ဒီလူတွေ အဓိကထားပြီး လွှတ်ပေးသင့်တယ်။ အခုလွှတ်ပေးလိုက်တာက ခိုးဆိုးလုနှိုက်တွေများတယ်။ ဒါကတော့ ထူးဆန်းတဲ့အရာ မဟုတ်ဘူး။ စစ်ကောင်စီအဆက်ဆက် လုပ်ပုံလုပ်နည်းအတိုင်းပဲဖြစ်တယ်။”
တောင်ကလေးအကျဉ်းထောင်အတွင်းမှာ နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင်၊ စည်ပင်ဝန်ကြီး၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ အပါအဝင် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ စစ်ကောင်စီက မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူတွေနဲ့ စုစုပေါင်း ၂၀၀ နီးပါးလောက် ရှိနေပါတယ်။
နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားပေါင်း ၇,၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မေ ၈ ရက် မနက် ၆ နာရီလောက်က အကျဉ်းထောင်ရွှေ့ပြောင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုရိုက်နှက် ခေါ်ဆောင်တဲ့အတွက် ဆန္ဒပြခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။
ကျိုက်မရောအကျဉ်းထောင်ကို ရွှေ့ပြောင်းပို့ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နဲ့ အကျဉ်းသူ ၁၆ ဦးကို စစ်သားတွေက ဆဲဆိုရိုက်နှက်ကာ မြတ်ရတနာမင်းမှန်လုံကားနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဧပြီ ၂၇ ရက် ညနေပိုင်းက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ထောင်တန်းစီးက နိုင်ငံရေးအကျဉ်းသားတဦးကို ရိုက်နှက်ထိုးကြိတ်ရာက နိုင်ငံရေးအကျဉ်းသားတွေက ကျေနပ်မှုမရှိတဲ့အတွက် အော်ဟစ်ပြီး သွေးသစ္စာသီချင်းနဲ့ နိုင်ငံရေးသီချင်းတွေ သီဆိုဆန္ဒပြခဲ့တဲ့အတွက် အခုလို ထောင်ပြောင်းရွှေ့ခံရတာပါ။
ဘားအံမြို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်ကောင်စီအနေနဲ့ အရင်တုန်းက နဝတ၊ နအဖခေတ်တုန်းက အစဉ်တဆက် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးသတ်ဖြတ်တယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်အောင် ဒါမှမဟုတ်ရင် ပိုမိုခက်ခဲအောင်လို့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဆိုတာ အတိအလင်းဖော်ပြနေတာ” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုမူနေတာတွေဟာ ပိုမိုကျူးလွန်နေတာဖြစ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေကနေ ထိထိရောက်ရောက်အရေးယူပေးဖို့ အားလုံးကဝိုင်းဝန်းတောင်းဆိုကြဖို့ လိုတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ပြောင်းရွှေ့ရာမှာ ရိုက်နှက်ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အတွင်းမှာ သွေးသစ္စာသီချင်းနဲ့ သံပုံးတီး ဆန္ဒပြခဲ့ကြသလို့ လမ်းတလျှောက် သွေးသစ္စာသီချင်းသီဆိုသွားခဲ့တယ်လို့ သိရပါတယ်။
ဘားအံအကျဉ်းထောင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ စတဲ့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးရရှိပြီး နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်အာဏာပိုင်တွေက ဖိနှိပ်ထားတဘ်လို့ သိရပါတယ်။
ဒါအပြင် အိပ်ဆောင်မှူး၊ တန်းစီးတွေက အနိုင်ကျင့်တာတွေကြောင့် မကြာခဏ ထောင်တွင်း ဆန္ဒပြတာတွေ ရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။
ဘားအံ အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ လောက်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။