close

ပြောင်းရွှေ့ခံနိုင်ကျဉ်းများကို ဆဲဆိုရိုက်နှက်သဖြင့် ဘားအံထောင်တွင်း ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မေ ၈ ရက် မနက် ၆ နာရီလောက်က အကျဉ်းထောင်ရွှေ့ပြောင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုရိုက်နှက် ခေါ်ဆောင်တဲ့အတွက်  ဆန္ဒပြခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက‌ ပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်ကို ရွှေ့ပြောင်းပို့ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နဲ့  အကျဉ်းသူ ၁၆ ဦးကို စစ်သားတွေက ဆဲဆိုရိုက်နှက်ကာ မြတ်ရတနာမင်းမှန်လုံကားနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက် ညနေပိုင်းက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ထောင်တန်းစီးက နိုင်ငံရေးအကျဉ်းသားတဦးကို ရိုက်နှက်ထိုးကြိတ်ရာက နိုင်ငံရေးအကျဉ်းသားတွေက ကျေနပ်မှုမရှိတဲ့အတွက် အော်ဟစ်ပြီး သွေးသစ္စာသီချင်းနဲ့ နိုင်ငံရေးသီချင်းတွေ သီဆိုဆန္ဒပြခဲ့တဲ့အတွက် အခုလို ထောင်ပြောင်းရွှေ့ခံရတာပါ။

ဘားအံမြို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်ကောင်စီအနေနဲ့ အရင်တုန်းက နဝတ၊ နအဖခေတ်တုန်းက အစဉ်တဆက် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးသတ်ဖြတ်တယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်အောင် ဒါမှမဟုတ်ရင်  ပိုမိုခက်ခဲအောင်လို့  စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဆိုတာ အတိအလင်းဖော်ပြနေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုမူနေတာတွေဟာ ပိုမိုကျူးလွန်နေတာဖြစ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေကနေ ထိထိရောက်ရောက်အရေးယူပေးဖို့ အားလုံးကဝိုင်းဝန်းတောင်းဆိုကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်ပြောင်းရွှေ့ရာမှာ ရိုက်နှက်ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အတွင်းမှာ သွေးသစ္စာသီချင်းနဲ့  သံပုံးတီး ဆန္ဒပြခဲ့ကြသလို့ လမ်းတလျှောက် သွေးသစ္စာသီချင်းသီဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဘားအံအကျဉ်းထောင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ စတဲ့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးရရှိပြီး နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်အာဏာပိုင်တွေက ဖိနှိပ်ထားတဘ်လို့ သိရပါတယ်။

ဒါအပြင် အိပ်ဆောင်မှူး၊ တန်းစီးတွေက အနိုင်ကျင့်တာတွေကြောင့် မကြာခဏ ထောင်တွင်း ဆန္ဒပြတာတွေ ရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

ဘားအံ အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ လောက်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up