close

ဘိလပ်မြေစက်ရုံ

close

December 5, 2022

သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်ရန် တောင်ကိုရီးယားသမ္မတ ညွှန်ကြား

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဒီဇင်ဘာ ၄ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

အစိုးရနဲ့ သမဂ္ဂကြားက ညှိနှိုင်းရေးမှူးတွေဟာ အနိမ့်ဆုံးလုပ်ခလစာ စည်းမျဉ်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုအပေါ်မှာ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ထောင်ပေါင်းများစွာသော တောင်ကိုရီးယား ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်ဟာ အချိန် ၁၀ ရက်ကျော် ကြာမြင့်လာခဲ့ပါပြီ။

ဒီဆန္ဒပြသပိတ်မှောက်မှုအတွင်း ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးမှာဖြစ်တယ်လို့လည်း ယွန်းက ကြေညာထားပါတယ်။

အစိုးရဝန်ကြီးတွေကိုလည်း ယာဉ်မောင်းအစားထိုးတာတွေ၊ စစ်မှုထမ်းတွေနဲ့ စစ်ဘက်သုံးကိရိယာတွေ အစားထိုး အသုံးပြုပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။

အစိုးရက ထရပ်ကားယာဉ်မောင်းတွေအတွက် အနည်းဆုံးလုပ်ခလစာစနစ်ကို နောက် ၃ နှစ်အထိ တိုးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယား ကုန်သွယ်ရေးသမဂ္ဂများ မဟာမိတ်အဖွဲ့ချုပ်က လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အထွေထွေသပိတ်ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာ ထရပ်ကားယာဉ်မောင်းတွေအတွက် အခွင့်အလမ်း ပိုရှိသင့်သလို အတည်တကျလည်း ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

6 mins Ago

October 19, 2019

မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီး ကျေးရွာများကို ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ရေဖြန့်ဝေ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲမှုကြောင့် ဒေသခံတွေ သောက်သုံးဖို့ စိုးရိမ်နေကြလို့ အစိုးရက ရေသန့်ဖြန်ဝေပေးနေပါတယ်။ သောက်သုံးရေ အခက်အခဲမရှိစေဖို့ ရွေ့လျားရေသန့်စင်စက်မော်တော်ယာဉ်(Mobile water Purification Vehicle) နဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကစတင်ပြီး ရေသန့် ဖြန့်ဝေပေးနေတာလို့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀) စက်ရုံအနီးတဝိုက်က ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ စက်ရုံက စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေကြောင့် ရေအရောင် ပြောင်းလဲခဲ့တဲ့အတွက် အခုလို ပြည်နယ်အစိုးရက ဒေသခံတွေ ရေအခက်အခဲမရှိအောင် ဆောင်ရွက်ပေးနေတာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ဒီပတ်ဝန်းကျင်ကို ရေဖြန့်ပေးဖို့ရှိတယ်။ စည်ပင်ဆိုရင်လည်း ကားနဲ့ နေအိမ်အရောက် ကားနဲ့ဖြန့်ပေးတယ်။ လာယူမယ်ဆိုရင်လည်း ဒီနားက ပတ်ဝန်းကျင်ကို ၁ နာရီကို ဘူး ၁၅၀ နှုန်းနဲ့ ကျနော်တို့က ဖြန့်ပေးနိုင်တဲ့ အနေအထားမျိုးရှိတယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ ငှက်ပျောတောကျေးရွာ၊ ဒေါ်စိန်စိန်က “ဒီရေလည်း မသုံးစွဲရဲပါဘူး။ သောက်လည်း မသောက်ရဲပါဘူး။ နွားတွေ တိရစ္ဆာန်တွေတော့ တိုက်ရဲတယ်။ လူတွေတော့ မသောက်သုံးရဲဘူး။ ကျမတို့ကလေးတွေ အနာဂတ်အတွက် စိုးရိမ်လို့ မသောက်ရဲဘူး” လို့ ပြောပါတယ်။ မြဝတီမြို့၊ ရေသန့်အလှူရှင်၊ ဒေါ်နွေးနွေးက “ဒေသခံတွေက ဒီရေတွေကို သောက်ဖို့က သူတို့စိတ်ထဲမှာ မရဲဘူး။ သူတို့ မသောက်သုံးချင်ဘူး။ တိရစ္ဆာန်တွေအတွက်ပဲ။ သုံးရေပြန်ပြီးတော့ အသုံးပြုမယ်လို့ သိရတယ်။ အခုဒီမှာက လိုအပ်ချက်တွေက တော်တော်များပြားတယ်။ ရေသန့်အများဆုံး လိုနေတာ”လို့ ပြောပါတယ်။ ပြည်နယ်အစိုးရက ဒေသခံတွေ ရေရှည်အသုံးပြုနိုင်တဲ့ အဝီစိတွင်း ၄ တွင်းကို စက်ရုံနဲ့ အနီးဆုံးကျေးရွာတွေမှာ တူးဖော်ပေးဖို့ မြေစမ်းသပ်မှုတွေကို ဆောင်ရွက်နေပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး အမည်းရောင် ပြောင်းလဲခဲ့တဲ့ ရေနမူနာတွေကို နေပြည်တော်နဲ့ ရန်ကုန်ကို ဓာတ်ခွဲစမ်းသပ်ဖို့ ပေးပို့ထားသလို ပြည်နယ်အဆင့်ဌာန ၇ ခုက ဓာတ်ခွဲစမ်းသပ်မှုတွေ ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွေရဲ့ စစ်ဆေးချက်တွေအရ သောက်သုံးနိုင်တဲ့အဆင့်ရှိ ရေတွေလို့ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ထိ ပြန်လည်သုံးစွဲမရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရဲမင်းခေါင်
3 years Ago
Up