ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ဆက်လက် မြင့်တက်နေပြီး ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာလည်း လူတွေပြည့်လျှံနေပြီး ဖျားနာသူတွေ ကို ပြုစုစောင့်ရှောက် ပေးနိုင်စွမ်း ကျော်လွန်နေပြီဖြစ်တာကြောင့် အာဏာပိုင်တွေဟာ ဆေးဘက်ဆိုင်ရာ ကုသရေး ယာယီတဲတွေကို ဖြန့်ကျက် ချထားခိုင်းခဲ့ပါတယ်။
သမ္မတ လူးဝစ္စ်အာရ်ဆေးဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ ထပ်တိုးခြင်း တွေ အပါအဝင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
မြို့တော်အရှေ့ပိုင်းရှိ လူဦးရေ အထူထပ်ဆုံးနဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေထဲက ပလန် ၃ ထောင် နယ်မြေလို့ ခေါ်ကြတဲ့ မြူနီစီပယ်ခရိုင် အမှတ် ၈ မှာ ရွှေ့ပြောင်းသွားလာလို့ရတဲ့ မိုဘိုင်းဆေးရုံ တခုကို ထူထောင်ထားပါတယ်။
သွေးလွန်တုပ်ကွေးလူနာတွေကို ကုသပေးနိုင်ဖို့ ဆေးရုံကုတင် ၁၄၀ လုံး အမြန် တည်ဆောက်နေကြောင်း နဲ့ ဒါကိုမှ မလောက်သေးရင်လည်း မိုဘိုင်းဆေးရုံမှာ အရေးပေါ်အခြေအနေအတွက် နောက်ထပ် ကုတင် ၄၀ စာလောက် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီး Jeyson Auza က ပြောပါတယ်။
ဆေးရုံတွေ၊ လူနာကုတင်တွေ ပြည့်ကျပ်နေမှာကို စိုးရိမ်နေမယ့်အစား လူနာတွေ ဆေးရုံကို မရောက်လာမှာ စိုးရိမ်သင့်ကြောင်းလည်း သူက ဆိုပါတယ်။
သွေးလွန်တုပ်ကွေးလူနာရဲ့ ဆွေမျိုးတယောက်ကတော့ ဒီလိုဆေးကုတဲ့တွေဟာ ဝင်ငွေနည်းတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေလို့ သဘောကျကြောင်း ပြောပါတယ်။
လမ်းမတွေပေါ်မှာလည်း လူထုနဲ့ အစိုးရဝန်ထမ်းတွေဟာ ရောဂါဖြန့်ဖြူးတဲ့ခြင်တွေ ပေါက်ပွား တတ်တဲ့ အမှိုက်တွေ၊ တာယာတွေနဲ့ မြက်တောတွေကို ရှင်းလင်းနေကြပြီး အာဏာပိုင်တွေက ပန်းခြံတွေနဲ့ နေအိမ်တွေကို ခြင်ဆေးငွေ့ရည်တွေ လိုက်ဖျန်းပေးနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့အထိ မှတ်တမ်းတင်ထားတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၉,၆၁၃ ခု ရှိရာမှာ ဆန်တာခရုဇ်ပြည်နယ် တခုထဲမှာပဲ ၇,၂၁၂ မှု ရှိတာကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ အပါအဝင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၉ ဦး ရှိနေပါပြီ။
ဘိုလီးဗီးယားနိုင်ငံအရှေ့ပိုင်း ဆန်တာခရုဇ်နယ်မြေက တောမီးလောင်ကျွမ်းမှုကြောင့် ဧရိယာ ၁၇၂,၅၃၆ ဟက်တာ ပျက်စီးခဲ့ကြောင်း နယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး ယိုဗန်ကာ ရိုဆာဒိုက စက်တင်ဘာ ၉ ရက်က ပြောကြားခဲ့ပါတယ်။
ရာသီဥတုအခြေအနေနဲ့ ပြင်းထန်တဲ့မိုးခေါင်မှုကို ထည့်သွင်းစဉ်းစားလိုက်ရင် တောမီးကြောင့် နယ်မြေဒေသရဲ့ ၇၃ ရာခိုင်နှုန်း အန္တရာယ်ရှိနေကြောင်း ရိုဆာဒိုက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့တွေဟာ သင်းခွေချပ်တွေနဲ့ သမင်တို့လို မီးဘေးကြုံနေရတဲ့ တိရစ္ဆာန်တွေကို ဘေးကင်းရာကို ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ခဲ့တဲ့ တောရိုင်းတိရစ္ဆာန်တွေကို ခြေရာခံပြီး စောင့်ကြည့်နေကြောင်းနဲ့ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအဖွဲ့က အိုတူကွစ်စ် ဧရိယာရှိ ပျူဝါတို ဆွာရက်ဇ် မြူနီစီပယ်မှာ လုပ်ဆောင်နေကြကြောင်း တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်မှုနဲ့ လွှဲပြောင်းပေးရေး စင်တာမှ တိရစ္ဆာန် ဆေးကု ဆရာဝန် ဆယ်စီလီယာ ဒိုရာဒို က ပြောပါတယ်။
ဒီစည်ပင်သာယာရေးနယ်မှာ အရင်က မိုးခေါင်မှုနဲ့ နှင်းခဲမှုတွေက တဆက်တည်းလို ဖြစ်ပွားထားပြီး လက်ရှိတောမီးလောင်မှုအတွက်ကြောင့်ရော သဘာဝဘေးဆိုင်ရာပြည်နယ်အဖြစ် Roboré မြို့တော်ဝန် Jose Eduardo Diaz က စက်တင်ဘာ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။