ဘိုလီးဗီယားနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ဆက်လက် မြင့်တက်နေပြီး ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာလည်း လူတွေပြည့်လျှံနေပြီး ဖျားနာသူတွေ ကို ပြုစုစောင့်ရှောက် ပေးနိုင်စွမ်း ကျော်လွန်နေပြီဖြစ်တာကြောင့် အာဏာပိုင်တွေဟာ ဆေးဘက်ဆိုင်ရာ ကုသရေး ယာယီတဲတွေကို ဖြန့်ကျက် ချထားခိုင်းခဲ့ပါတယ်။
သမ္မတ လူးဝစ္စ်အာရ်ဆေးဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ ထပ်တိုးခြင်း တွေ အပါအဝင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
မြို့တော်အရှေ့ပိုင်းရှိ လူဦးရေ အထူထပ်ဆုံးနဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေထဲက ပလန် ၃ ထောင် နယ်မြေလို့ ခေါ်ကြတဲ့ မြူနီစီပယ်ခရိုင် အမှတ် ၈ မှာ ရွှေ့ပြောင်းသွားလာလို့ရတဲ့ မိုဘိုင်းဆေးရုံ တခုကို ထူထောင်ထားပါတယ်။
သွေးလွန်တုပ်ကွေးလူနာတွေကို ကုသပေးနိုင်ဖို့ ဆေးရုံကုတင် ၁၄၀ လုံး အမြန် တည်ဆောက်နေကြောင်း နဲ့ ဒါကိုမှ မလောက်သေးရင်လည်း မိုဘိုင်းဆေးရုံမှာ အရေးပေါ်အခြေအနေအတွက် နောက်ထပ် ကုတင် ၄၀ စာလောက် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီး Jeyson Auza က ပြောပါတယ်။
ဆေးရုံတွေ၊ လူနာကုတင်တွေ ပြည့်ကျပ်နေမှာကို စိုးရိမ်နေမယ့်အစား လူနာတွေ ဆေးရုံကို မရောက်လာမှာ စိုးရိမ်သင့်ကြောင်းလည်း သူက ဆိုပါတယ်။
သွေးလွန်တုပ်ကွေးလူနာရဲ့ ဆွေမျိုးတယောက်ကတော့ ဒီလိုဆေးကုတဲ့တွေဟာ ဝင်ငွေနည်းတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေလို့ သဘောကျကြောင်း ပြောပါတယ်။
လမ်းမတွေပေါ်မှာလည်း လူထုနဲ့ အစိုးရဝန်ထမ်းတွေဟာ ရောဂါဖြန့်ဖြူးတဲ့ခြင်တွေ ပေါက်ပွား တတ်တဲ့ အမှိုက်တွေ၊ တာယာတွေနဲ့ မြက်တောတွေကို ရှင်းလင်းနေကြပြီး အာဏာပိုင်တွေက ပန်းခြံတွေနဲ့ နေအိမ်တွေကို ခြင်ဆေးငွေ့ရည်တွေ လိုက်ဖျန်းပေးနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့အထိ မှတ်တမ်းတင်ထားတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၉,၆၁၃ ခု ရှိရာမှာ ဆန်တာခရုဇ်ပြည်နယ် တခုထဲမှာပဲ ၇,၂၁၂ မှု ရှိတာကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ အပါအဝင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၉ ဦး ရှိနေပါပြီ။