close

ဘိုလီးဗီးယား

close

February 25, 2023

ဘိုလီးဗီယားနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

ဘိုလီးဗီးယားနိုင်ငံ အရှေ့ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းမှာ ဆက်လက် မြင့်တက်နေပြီး ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာလည်း လူတွေပြည့်လျှံနေပြီး ဖျားနာသူတွေ ကို ပြုစုစောင့်ရှောက် ပေးနိုင်စွမ်း ကျော်လွန်နေပြီဖြစ်တာကြောင့် အာဏာပိုင်တွေဟာ ဆေးဘက်ဆိုင်ရာ ကုသရေး ယာယီတဲတွေကို ဖြန့်ကျက် ချထားခိုင်းခဲ့ပါတယ်။ 

သမ္မတ လူးဝစ္စ်အာရ်ဆေးဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပစ္စည်းကိရိယာတွေ ထပ်တိုးခြင်း တွေ အပါအဝင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

မြို့တော်အရှေ့ပိုင်းရှိ လူဦးရေ အထူထပ်ဆုံးနဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေထဲက ပလန် ၃ ထောင် နယ်မြေလို့ ခေါ်ကြတဲ့ မြူနီစီပယ်ခရိုင် အမှတ် ၈ မှာ ရွှေ့ပြောင်းသွားလာလို့ရတဲ့ မိုဘိုင်းဆေးရုံ တခုကို ထူထောင်ထားပါတယ်။ 

သွေးလွန်တုပ်ကွေးလူနာတွေကို ကုသပေးနိုင်ဖို့ ဆေးရုံကုတင် ၁၄၀ လုံး အမြန် တည်ဆောက်နေကြောင်း နဲ့ ဒါကိုမှ မလောက်သေးရင်လည်း မိုဘိုင်းဆေးရုံမှာ အရေးပေါ်အခြေအနေအတွက် နောက်ထပ် ကုတင် ၄၀ စာလောက် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီး Jeyson Auza က ပြောပါတယ်။ 

ဆေးရုံတွေ၊ လူနာကုတင်တွေ ပြည့်ကျပ်နေမှာကို စိုးရိမ်နေမယ့်အစား လူနာတွေ ဆေးရုံကို မရောက်လာမှာ စိုးရိမ်သင့်ကြောင်းလည်း သူက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးလူနာရဲ့ ဆွေမျိုးတယောက်ကတော့ ဒီလိုဆေးကုတဲ့တွေဟာ ဝင်ငွေနည်းတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေလို့ သဘောကျကြောင်း ပြောပါတယ်။ 

လမ်းမတွေပေါ်မှာလည်း လူထုနဲ့ အစိုးရဝန်ထမ်းတွေဟာ ရောဂါဖြန့်ဖြူးတဲ့ခြင်တွေ ပေါက်ပွား တတ်တဲ့ အမှိုက်တွေ၊ တာယာတွေနဲ့ မြက်တောတွေကို ရှင်းလင်းနေကြပြီး အာဏာပိုင်တွေက ပန်းခြံတွေနဲ့ နေအိမ်တွေကို ခြင်ဆေးငွေ့ရည်တွေ လိုက်ဖျန်းပေးနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့အထိ မှတ်တမ်းတင်ထားတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၉,၆၁၃ ခု ရှိရာမှာ ဆန်တာခရုဇ်ပြည်နယ် တခုထဲမှာပဲ ၇,၂၁၂ မှု ရှိတာကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ အပါအဝင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၂၉ ဦး ရှိနေပါပြီ။  

10 hours Ago

February 18, 2023

ဘိုလီးဗီးယားတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်လာ

ဘိုလီးဗီးယားနိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အရေအတွက် မြင့်တက်လာနေတာကြောင့် ဖေဖော်ဝါရီ ၁၆ ရက်မှာ အစိုးရအလုပ်သမားတွေဟာ ကာရာနဗီ ပြည်နယ်မြို့တော်မှာ နေအိမ်တွေ၊ အဆောက်အဦတွေနဲ့ လမ်းတွေကို ခြင်ပြေးဆေး မီးခိုးငွေ့တွေ လိုက်ဖျန်းခဲ့ပါတယ်။ 

လာပက်ဇ် ကျန်းမာရေးဌာနမှ ကူးစက်ရောဂါများ အစီအစဉ်ရဲ့ အကြီးအကဲ ဒေါက်တာ ဆာဂီယို မာတီနဇ်က ဘိုလီးဗီးယားမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုဟာ ၂၀၂၁ ခုနှစ်မှာ ၂၅ မှုရှိပြီး ၂၀၂၂ မှာတော့ ၃၅ မှုရှိလာကြောင်းနဲ့ ၂၀၂၃ မှာတော့ နှစ်အစပိုင်းမှာပဲ ၅၂ မှုရှိကြောင်း ပြောပါတယ်။

SEDES (ကျန်းမာရေးဝန်ဆောင်မှုဌာန) မှ နည်းပညာအဖွဲ့က ခြင်ပေါက်ပွားတတ်တဲ့ နေရာတွေကို သန့်ရှင်းရေးနဲ့ ခြင်ရဲ့သားလောင်းအဆင့်အတွက် သုံးတဲ့ ဓာတုပစ္စည်းတွေ ဇီဝပိုးသတ်ဆေးတွေနဲ့ ခြင်နှိမ်နင်းရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ကာရာနဗီမြို့ရှိ ဆေးရုံအတွင်းမှာ သွေးလွန်တုပ်ကွေး ရောဂါပိုးရှိတဲ့ ကလေးငယ်တွေရဲ့ ကုတင်တွေဘေးမှာ မိဘတွေ ထိုင်စောင့်နေခဲ့ကြပါတယ်။ 

အာဏာပိုင်တွေက သူတို့ရဲ့ကလေးတွေကို ကိုယ်တိုင် ဆေးတွေလျှောက်မတိုက်ဖို့နဲ့ ရောဂါ လက္ခဏာတွေ တွေ့ရင် နီးစပ်ရာဆေးရုံကို ချက်ချင်းပို့ပေးဖို့ မိဘတွေကို တောင်းဆိုထားပါတယ်။

နိုင်ငံတဝန်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇,၃၅၀ ကျော်ရှိကြောင်း ဘိုလီးဗီးယား ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပြီး အဲဒီထဲက ၇၅ ရာခိုင်နှုန်းဟာ ဆန်တာခရုဇ်ဒေသမှာ ဖြစ်ကြောင်း သိရပါတယ်။ 

1 week Ago
Up