ကွန်ပြူတာ အသိဉာဏ်တုနည်းပညာ (AI) ဖြစ်ထွန်းလာမှုဟာ ကွန်ပြူတာ ဆဲလ်ဖုန်း အင်တာနက်တွေ ပေါ်ပေါက်လာသလိုပဲ ခေတ်ကြီးတခုလုံးကို လုံးဝပြောင်းလဲသွားနိုင်တဲ့ နည်းပညာတခုလို့ ယုံကြည်နေတဲ့အကြောင်း Microsoft windows ကွန်ပြူတာစနစ်ကို စတင်တည်ထောင်သူ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်က ပြောပါတယ်။
အခုလို AI နည်းပညာ ဖြစ်ထွန်းလာမှုဟာ လူတွေ အလုပ်လုပ်ကိုင်ပုံ၊ သင်ကြားလေ့လာပုံ၊ ခရီးသွားလာပုံ၊ ကျန်းမာရေးစောင့်ရှောက်ပုံ တယောက်နဲ့တယောက် ဆက်သွယ်ပုံတွေ အားလုံးကို လုံးဝပြောင်းလဲသွားစေလိမ့်မယ်လို့ သူ့ရဲ့ Gatenotes ဘလော့ဂ်မှာ ရေးထားပါတယ်။
နည်းပညာလောကတခုလုံးမှာ လုပ်ငန်းပုံစံတွေ ပြောင်းလဲပြင်ဆင်ရနိုင်တာတွေအပြင် လူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ ပိုတိုးတက်လာနိုင်တယ်လို့ သူကပြောပါတယ်။
AI နည်းပညာရဲ့ ဖြစ်ထွန်းမှုတွေကို တတ်နိုင်သူ လူနည်းစုသာမက အားလုံး သာတူညီမျှ ခံစားရရှိစေနိုင်ဖို့ အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေက အဓိကတာဝန်ယူရနိုင်တယ်လို့ ဘီလ်ဂိတ်က ခန့်မှန်းပါတယ်။
လတ်တလောမှာ လူပြောများနေတဲ့ Chat GPT နည်းပညာအပါအဝင် နောက်ထပ်ပေါ်ပေါက်လာနေတဲ့ AI နည်းပညာတွေဟာ အိုင်ဖုန်းပေါ်ကာစ အချိန်လိုမျိုးပဲလို့ နည်းပညာလေ့လာသူတွေက သုံးသပ်ကြပါတယ်။
တောင်ကိုရီးယားကို လာရောက်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူဖြစ်တဲ့ ပရဟိတသမား ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ ပိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့နဲ့ အကူအညီတွေ တိုးမြှင့်ပေးဖို့ သြဂုတ် ၁၆ ရက်က တောင်းဆိုခဲ့ပါတယ်။
ရောဂါတွေ တိုက်ဖျက်ရေးမှာ သူ့ရဲ့ဖောင်ဒေးရှင်းနဲ့အတူ လက်တွဲ ဆောင်ရွက်သွားဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဘီလ်ဂိတ်စ်ဟာ တောင်ကိုးရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂင်မ်ဂျင်ဖြိုနဲ့ တခြားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုချဲ့ထွင်ရမယ် ဆိုတာတွေကို အရင်ဆုံး ဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားကို ပိုကြီးမားတဲ့ အခန်းကဏ္ဍအဖြစ် သူရှုမြင်ပုံတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။
ဘီလ်ဂိတ်စ်ဟာ အမျိုးသားလွှတ်တော်မှာ မိန့်ခွန်းပြောကြားချိန်အတွင်း တောင်ကိုရီးယားရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေး၊ ရောဂါရှာဖွေထုတ်လုပ်ရေး၊ R&D စွမ်းရည်တွေနဲ့ ရောဂါရှာဖွေရေးစွမ်းရည်တွေကို အားသာချက်အဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။
ကာကွယ်ဆေးခွဲဝေမှု အစီအစဥ် ကိုဗက်စ်အတွက် ဒေါ်လာသန်း ၂၀၀ ကတိပြုခြင်းလိုမျိုး ဘက်စုံ ကမ္ဘာ့ကျန်းမာရေး ပဏာမဆောင်ရွက်ချက်တွေအပေါ် သူ့ရဲ့ပံ့ပိုးကူညီမှုကို ကိုးကားပြီး တောင်ကိုရီးယားက ဒီလုပ်ငန်းမှာ ခေါင်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောသွားပါတယ်။ပါလီမန်အစီအစဉ်တွေအပြီးမှာ ဘီလ်ဂိတ်စ်ဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ တွေ့ဆုံခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကူညီပံ့ပိုးပေးဖို့ ဦးဆောင်ရာမှာ တောင်ကိုရီးယားရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပါတယ်။