close

ဘုန်းကြီးကျောင်းဝင်း

close

November 8, 2022

စစ်တွေမြို့၊ ဘုန်းကြီးကျောင်းဝင်းထဲတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသူ ၁ ဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဘုန်းကြီးကျောင်းဝင်းထဲမှာ နိုဝင်ဘာ ၇ ရက် မနက် ၁ နာရီလောက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာ နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

ရွှေရောင်မေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “စစ်တွေမြို့ ပြည်တော်ပြန် ဘုန်းကြီးကျောင်းကို ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲလောက်မှာ သွားရောက်ခဲ့ရာ သူက မှောက်ခုံ ထိုင်လျက်တွေ့ရှိလို့ ထိကြည့်တော့ အသက်မရှိတော့ဘူးလို့ ယူဆရတဲ့အတွက် စစ်တွေမြို့မရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲတွေရောက်လာပြီး အဲဒီအလောင်းကို နောက်ဆက်တွဲအလုပ်တွေ ဆက်လက်လုပ်ဆောင်တော့မှ ဓားဒဏ်ရာ ၅ ချက် တွေ့ရှိခဲ့ကာ စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူဟာ ပြည်တော်ပြန်ကျောင်းတံခါး ပိတ်ထားတာကို ကျော်ဝင်လာပြီး “ဆရာတော် တပည့်တော်ကိုကယ်ပါ” လို့ အကြိမ်ကြိမ် အကူအညီတောင်းခံတဲ့ အသံကို ၁၀ တန်းကျောင်းသား ၂ ယောက်ကကြားလို့ ဆင်းကြည့်တဲ့အချိန်မှာ တွေ့ရှိရပြီး လမ်းတလျှောက်မှာလည်း သွေးစက်တွေ တွေ့ရှိခဲ့တယ်လို့ ကိုမင်းထည်ဝါက ပြောပါတယ်။

အခုသေဆုံးခဲ့သူရဲ့ပုံကို သစ်ပင်တွေမှာကပ်ထားပြီး သိရှိတဲ့သူတွေ ဆက်သွယ် အကြောင်းကြားပေးဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့က RV စားသောက်ဆိုင်မှာလည်း နိုဝင်ဘာ ၆ ရက်ညက ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူးကို သေနတ်သမား ၂ ယောက်က ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံပြည်သူတချို့ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။

4 mins Ago

May 11, 2022

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းဝင်းထဲ မိုင်းထောင်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ လဲပင်ကျေးရွာမှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်ထားခဲ့တာကြောင့် ဒေသခံ  PDF အဖွဲ့ကရှင်းလင်းပေးခဲ့ပြီး ဒေသခံတွေကိုလည်း မိုင်းအန္တရာယ် သတိပေးထားရပါတယ်။

လဲပင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်တွေက ရက်ပေါင်းများစွဦ စခန်းချနေထိုင်ခဲ့ပြီး မေလဆန်းလောက်မှာ  တပ်ပြန်ရုပ်သိမ်းသွားခဲ့ပေမဲ့ ဘုန်းကြီးကျောင်းနဲ့ နေရာတချို့မှာ မိုင်းထောင်သွားခဲ့တာဖြစ်ပါတယ်။

ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က ''ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ပထမတခါ သွားကြည့်တော့ ဘုန်းကြီးကျောင်းမှာ မိုင်းတွေ့တယ်။ နင်းမိုင်းပါတွေ့တော့ ဘာမှမလုပ်ရဲသေးလို့ ရွာနဲ့ဘုန်းကြီးကျောင်း နေရာတွေမှာ သတိပေးစာတွေ ရေးပြီး ပြန်လာခဲ့တယ်။ ဒါပေမဲ့ ဒီအတိုင်းလည်းထားခဲ့လို့မရတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာ သွားရှင်းတာပေါ့ ရှင်းတယ်ဆိုတာကလည်း အဲ့ဒါကို ပထမ သေနတ်နဲ့  ၃ ချက်လောက်ပစ်ပြီးခွဲကြည့်တာ။ မကွဲဘူး မကွဲတော့ အဲ့ဒီနေရာကို ဂွထောက်နဲ့ လုပ်ပြီးတော့ ဗုံးထဲကို သဲတွေထည့် ထည့်ပြီး ကြိုးနဲ့ဆွဲပြီး အဝေးကိုရောက်မှ အမြင့်ကနေလွှတ်ချလိုက်တာပေါ့။ ကွဲသွားပါတယ်။ ဒါပေမဲ့ ဘယ်နှစ်လုံးထောင်ခဲ့တယ်၊ ဘယ်နေရာတွေမှာထောင်ခဲ့တယ်ဆိုတာကို ဆက်မရှာနိုင်သေးဘူး။ ရွာထဲတွေမှာလည်းရှိနေနိုင်သေးတယ်”လို့ ပြောပါတယ်။ 

ရွာကဒေသခံတချို့နဲ့ ပူးပေါင်းပြီး ရွာထဲက မိုင်းတွေရှိနိုင်မယ့်နေရာတွေကို လိုက်ရှာရှင်းလင်းဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက စစ်ကောင်စီတပ်နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်တို့ ပဲခူးရိုးမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဖြစ်ရာနေရာအနီး ပဲခူးရိုးမတောင်ခြေမှာရှိတဲ့ လဲပင်ကျေးရွာကို မတ်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး  PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ နေအိမ် ၁၆ လုံးကို မီးရိူ့ဖျက်ဆီးခဲ့ပါတယ်။

လဲပင်ကျေးရွာမှာ အိမ်ခြေ ၁၆၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ ရွာသား ၄၅၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကာ အခုချိန်ထိ နေရပ်သို့ မပြန်ရဲကြပဲ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြရကာ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေရှိနေပါတယ်။ 

ရွာကနေထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေထဲက ၂၀၀ ကျော် ကိုတော့ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက လက်ခံထားခဲ့ပေမဲ့ ရေရှည်မှာ စစ်ကောင်စီကလိုက်လံ ဖမ်းဆီးမှာကို စိုးရိမ်ကြတာကြောင့် နောက်ပိုင်းမှာတော့ နီးစပ်ရာကျေး၇ွာတွေနဲ့ တောထဲတောင်ထဲတွေမှာ ပုန်းခိုနေကြရပါတယ်။.

6 months Ago
Up