close

စစ်တွေမြို့၊ ဘုန်းကြီးကျောင်းဝင်းထဲတွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသူ ၁ ဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဘုန်းကြီးကျောင်းဝင်းထဲမှာ နိုဝင်ဘာ ၇ ရက် မနက် ၁ နာရီလောက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာ နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

ရွှေရောင်မေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “စစ်တွေမြို့ ပြည်တော်ပြန် ဘုန်းကြီးကျောင်းကို ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲလောက်မှာ သွားရောက်ခဲ့ရာ သူက မှောက်ခုံ ထိုင်လျက်တွေ့ရှိလို့ ထိကြည့်တော့ အသက်မရှိတော့ဘူးလို့ ယူဆရတဲ့အတွက် စစ်တွေမြို့မရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲတွေရောက်လာပြီး အဲဒီအလောင်းကို နောက်ဆက်တွဲအလုပ်တွေ ဆက်လက်လုပ်ဆောင်တော့မှ ဓားဒဏ်ရာ ၅ ချက် တွေ့ရှိခဲ့ကာ စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူဟာ ပြည်တော်ပြန်ကျောင်းတံခါး ပိတ်ထားတာကို ကျော်ဝင်လာပြီး “ဆရာတော် တပည့်တော်ကိုကယ်ပါ” လို့ အကြိမ်ကြိမ် အကူအညီတောင်းခံတဲ့ အသံကို ၁၀ တန်းကျောင်းသား ၂ ယောက်ကကြားလို့ ဆင်းကြည့်တဲ့အချိန်မှာ တွေ့ရှိရပြီး လမ်းတလျှောက်မှာလည်း သွေးစက်တွေ တွေ့ရှိခဲ့တယ်လို့ ကိုမင်းထည်ဝါက ပြောပါတယ်။

အခုသေဆုံးခဲ့သူရဲ့ပုံကို သစ်ပင်တွေမှာကပ်ထားပြီး သိရှိတဲ့သူတွေ ဆက်သွယ် အကြောင်းကြားပေးဖို့ ကြေညာထားတယ်လို့ သိရပါတယ်။

စစ်တွေမြို့က RV စားသောက်ဆိုင်မှာလည်း နိုဝင်ဘာ ၆ ရက်ညက ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူးကို သေနတ်သမား ၂ ယောက်က ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံပြည်သူတချို့ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up