ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ နန်းတက်ပွဲမတိုင်ခင် ရဲလုပ်ငန်းစဉ်အတွင်း မေလ ၆ ရက်၊ စနေနေ့က ဘုရင်စနစ် ဆန့်ကျင်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရီပတ်ဗလစ်ခေါင်းဆောင်ဖြစ်သူ ဂရေဟမ်စမစ် အပါအဝင် တခြားလူပုဂ္ဂိုလ်တွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာတော့ စမစ်နဲ့ နောက်ထပ်ဆန္ဒပြသူတစ်ဦးကို "ငါ့ဘုရင်မဟုတ်ဘူး"လို့ ရေးသားထားတဲ့ လက်ကိုင်ကတ်ပြားတွေနဲ့ အတူတွေ့ရပါတယ်။
လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်တဲ့ မာ့ခ်ရောင်းလီကတော့ နန်းတက်ပွဲမှာ အနှောင့်အယှက်ပေးမှုတွေကို သိပ်သည်းခံမှာ မဟုတ်ဘူးဆိုပြီး မေလ ၅ ရက်၊ သောကြာနေ့တုန်း က သတိပေးခဲ့ပါတယ်။
လန်ဒန်မြို့လည်ခေါင်မှာ ကင်းလှည့်နေတဲ့ ရဲအရာရှိပေါင်း ၁၁၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က စမစ်ကို ဖမ်းဆီးခဲ့တဲ့အပေါ်မှာ အတည်ပြုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့လည်း ဗြိတိန်ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတဲ့ သံသယနဲ့ လူ ၄ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ရာဇဝတ်မှုအရ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းကိုင်ဆောင်မှုအတွက် နောက်ထပ်သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က တွစ်တာပေါ်မှာ အတည်ပြုပါတယ်။
ဒီတစ်ရက်တည်းမှာပဲ ဗြိတိန်နိုင်ငံရဲ့ ရီပတ်ဗလစ်အဖွဲ့ဝင်တွေနဲ့ ဘုရင်စနစ်ဆန့်ကျင်မှုအပေါ် ထောက်ခံသူတွေက နန်းတက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဆန္ဒပြခဲ့ကြပါတယ်။
ချားလ်ရဲ့ ထီးနန်းဆက်ခံပွဲဟာ ဘုရင်စနစ်ကို အဆုံးသတ်နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်း ဖြစ်တယ်လို့ ယုံကြည်နေကြတာဖြစ်ပြီး ဗြိတိန်ဘုရင်စနစ်ရဲ့ သမိုင်းကြောင်းအရဆိုရင်လည်း နှစ်ပေါင်း ၁၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။
၁၆၄၉ ခုနှစ်မှာ ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ပထမမြောက် ချားလ်စ်ဘုရင်ရဲ့ ရုပ်တုဘေးရှိ စီတန်းလှည့်လည်ရာ ထရာဖယ်ဂါရင်ပြင်မှာ ဆန့်ကျင်ဆန္ဒပြသူတွေက အဓိကစုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
စကော့တလန်နိုင်ငံ အက်ဒင်ဘရာမြို့မှာ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၃ ရက်မှာ ဘာမှမရေးထားတဲ့ ဗလာဆိုင်းဘုတ်အလွတ်တွေကို အသုံးပြုပြီး ဗြိတိန်ဘုရင်စနစ်နဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ တခြားဆန္ဒပြသူတွေကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတယောက်က “ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ အမြင်တွေနဲ့ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့လူတွေ အဖမ်းခံရတာကြောင့် ဒီနေ့တော့ ဆိုင်းဘုတ်ကို ဗလာပဲ ကိုင်ထားကြောင်း၊ တကယ်လို့ ဒါကပဲ ဘုရင်စနစ်ကို ဆန့်ကျင်တယ်ဆိုတဲ့ မက်ဆေ့ချ် ဖြစ်သွားရင် ငါတို့လည်း အဖမ်းခံရနိုင်တာပေါ့” လို့ ပြောပါတယ်။
တခြားတယောက်ကလည်း “ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ပျက်စီးမှုဖြစ်မှာကို တကယ်ကို စိုးရိမ်မိကြောင်းနဲ့ ဆန္ဒပြပိုင်ခွင့် မရှိဘူးဆိုရင် ပူတင်ရဲ့ ရုရှားနိုင်ငံနဲ့ ဘယ်ကွာတော့မလဲ” လို့ ပြောပါတယ်။
စကော့တလန်ရဲတပ်ဖွဲ့က သူတို့ဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အက်ဒင်ဘရာမှာ ဖမ်းဆီးမှုသုံးခု ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။
အဲလိဇဘက်ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို မြို့ပတ်ပတ်လည်ကို ရွှေ့ပြောင်းနေချိန်မှာ အနှောင့်အယှက်ဖြစ်စေတဲ့ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခဲ့တာပါ။
ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ထားတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ တနင်္ဂနွေနေ့က သီးခြားဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက်တို့ဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ တရားစွဲခံထားရပါတယ်။