မနေ့ညက ကစားသွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူနစ်အသင်းက အာရ်ဘီ လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဆက်ထိန်းထားနိုင်ပါတယ်။
လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူနစ်အသင်းဟာ ပထမ ဦးဆောင်ဂိုး ၂ ဂိုးသွင်းခဲ့ပေမယ့် အာရ်ဘီ လိုက်ပ်ဇစ်အသင်းက ချေပဂိုးတွေ ပြန်သွင်းခဲ့ပါတယ်။
ဘိုင်ယန်အသင်းအတွက် ဂိုးတွေကို ၁၂ မိနစ်မှာ သောမတ်စ်မူလာက အနီးကပ်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကို လီဝန်ဒေါစကီးက သွင်းပေးခဲ့ပါတယ်။
ဒီဂိုးဟာ လီဝန်ဒေါစကီးအတွက် ဘွန်ဒတ်စ်လီဂါမှာ ၂၄ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။
ဘိုင်ယန်အတွက် တတိယမြောက်ဂိုးကတော့ ဒုတိယပိုင်းမှာ တဘက်အသင်းက မတော်တဆ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိရာကနေ ရရှိသွားတာပါ။
ဒီပွဲနိုင်သွားတာကြောင့် ဘိုင်ယန်အသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ဆက်ရှိနေပြီး ဒုတိယနေရာက ဒေါ့မွန်အသင်းကို ၉ မှတ် ဖြတ်ထားနိုင်ပါတယ်။
ဒေါ့မွန်အသင်းဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ တတိယနေရာက လေဗာကူဆန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လေဗာကူဆန်က အော့စဘာဂ်အသင်းကို ၅ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရတဲ့ စနေနေ့ည ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ မူဆာဒီယာဘီက ဟတ်ထရစ် ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
လေဗာကူဆန် အိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ ပထမ ၁၀ မိနစ်မှာကတည်းက ကာရင်းက တဂိုးသွင်းပြီး တဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
၂၄ မိနစ်မှာ ဒီယာဘီက အသင်းအတွက် ဒုတိယဂိုး သွင်းပါတယ်။ ဒုတိယပိုင်း ၆၂ မိနစ်မှာ အော့စဘာဂ်အသင်းက ချေပဂိုး တဂိုးပြန်သွင်းပါတယ်။ နောက်ထပ် ၄ မိနစ်အတွင်းမှာပဲ ဒီယာဘီက နှစ်ဂိုး ပြန်သွင်းပါတယ်။
ပွဲပြီးခါနီး ၈၁ မိနစ်မှာ လေဗာကူဆင်ဘက်က လူးကက်စ်အယ်လာရီယိုက တဂိုး ထပ်သွင်းတဲ့အတွက် ၅ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။
လေဗာကူဆန်အသင်းဟာ ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားမှ နံပါတ် ၃ နေရာမှာ ရှိပါတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့ ဒေါ့မွန်အသင်းက ၈ မှတ် နည်းပြီး၊ နံပါတ် ၄ နေရာမှာ ယူနီယံဘာလင် အသင်းနဲ့ ၁ မှတ်အသာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။