၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၂ ရက်ညပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြရာမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းကအနိုင်ရပြီး မက္ကစီကိုနဲ့ ပိုလန်၊ ဒိန်းမိတ်နဲ့ တူနီးရှားတို့ သရေကျကာ နာမည်ကြီး အာဂျင်တီးနားကတော့ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။
မနေ့ညနေ အစောပိုင်း အုပ်စု (C ) ပွဲစဉ်မှာတော့ ကိုပါအမေရိကဖလား ချန်ပီယံ နာမည်ကြီးအာဂျင်တီးနားနဲ့ အာရှကိုယ်စားပြု အာရပ်ကမ္ဘာက ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ဆော်ဒီက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်း ၁၀ မိနစ်ကတည်းက အာဂျင်တီးနားတို့ အငြင်းပွားဖွယ်ပင်နယ်တီရရှိခဲ့လို့ မက်ဆီက ဦးဆောင်ဂိုးသွင်းပါတယ်။ အာဂျင်တီးနားကပဲ ပထမပိုင်း တစ်ပိုင်းလုံး စိုးမိုးကစားခဲ့ပေမဲ့ ဆော်ဒီအသင်းရဲ့ ခံစစ်ကလည်း လူကျွံဘောတွေ စောင့်ဖမ်းပြီး အာဂျင်တီးနားတိုက်စစ်ကို ထိန်းချုပ်ခဲ့တာပါ။
ပထမပိုင်း အာဂျင်တီးနားက ၄ ဂိုးသွင်းခဲ့ပေမယ့် ၃ ဂိုးက လူကျွံဘောတွေဖြစ်လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲအခြေအနေကပြောင်းလဲသွားခဲ့ပြီး ပွဲစလို့ ၃ မိနစ်အကြာမှာပဲ ဆော်ဒီတိုက်စစ်မှူး အယ်ရှက်ရီက ချေပဂိုးသွင်းသွားခဲ့ပါတယ်။ အာဂျင်တီးနားကွင်းလယ်က ပါရီဒက်စ်၊ ဂိုမက်ဇ်နဲ့ ဒီပေါလ်တို့ဟာ ထိရောက်တဲ့ဖန်တီးမှုတွေ မလုပ် ဆောင်နိုင်ခဲ့တာကြောင့်လည်း အာဂျင်တီးနားရဲ့ကစားပုံကလေးလံပြီး တိုက်စစ်ကစားပုံအား နည်း ခဲ့ပါတယ်။
ဆက်တိုက်ဆိုသလို နောက်ထပ် ၅ မိနစ်အကြာမှာ ဆော်ဒီတို့ဦးဆောင်ဂိုးရခဲ့ပြီး အယ်ဒါဆာရီက ဧရိယာအပြင်ဘက်ကနေ သေသေသပ်သပ်ကန်သွင်းယူခဲ့တာပါ။
အာဂျင်တီး နည်းပြ စကယ်လိုနီဟာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လူတွေအစား အယ်လ်ဗာရက်ဇ်၊ မာတီနက်ဇ်၊ ဖာနန်ဒက်ဇ်တို့ကိုထည့်ပြီး တိုက်စစ်ကစားပုံပြောင်းလဲခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို မက်ဆီဟာလည်း ခြေစွမ်းပျောက်ဆုံးနေခဲ့တာပါ။
ဒုတိယပိုင်းမှာ ဆော်ဒီအသင်းရဲ့ စုဖွဲ့ကစားပုံဟာ အဆင့်တစ် ခုမှာရှိခဲ့ပြီး သူတို့ရဲ့အာရပ်မြေမှာ တောင်အမေရိကသားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဂျင်တီးနားဟာ လက်ကျန်နှစ်ပွဲဖြစ်တဲ့ မက္ကဆီကို၊ ပိုလန်ပွဲတွေမှာ မဖြစ်မနေနိုင်ပွဲတွေ ရယူနိုင်မှ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့မျှော်လင့်ချက်ရှိတော့မှာ ဖြစ်ပါတယ်။
အုပ်စု (C ) တခြားပွဲစဉ်တခုမှာတော့ မက္ကစီကိုနဲ့ ပိုလန်အသင်းတို့ ဂိုးမရှိ သရေကျပြီး တမှတ်စီခွဲယူခဲ့ကြပါတယ်။
အုပ်စု (D) ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ ပြင်သစ်က ဩစတြေးလျကို ( ၄- ၁) ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ယူပြီး ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်းဟာ ဩစတြေးလျအသင်းထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါပိုမိုရခဲ့ပြီး ပွဲကို ထိန်းချုပ်ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ပထမပိုင်း ၂၇ မိနစ်မှာ ရာဘီယူက တဂိုး၊ ဂျရူးက ပွဲချိန် ၃၂ မိနစ်နဲ့ ၇၁ မိနစ်တွေမှာ နှစ်ဂိုး၊ အမ်ဘာပေးက ဒုတိယပိုင်းပွဲချိန် ၆၈ မိနစ်မှာ တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဩစတြေးလျအတွက် တလုံးတည်းသောဂိုးကို ဂွတ်ဒ်ဝင်းက ပွဲချိန် ၉ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
အုပ်စု (D) တခြားပွဲစဉ်မှာတော့ ဒိန်းမတ်နဲ့ တူနီးရှားအသင်းတို့ ဂိုးမရှိ သရေကျပြီး ၁ မှတ်စီ ရယူနိုင်ခဲ့ပါတယ်။
ဒီညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား အုပ်စု (C) မှာ ဆော်ဒီကအုပ်စုပထမ ၊ ပိုလန်နဲ့ မက္ကစီကို အုပ်စု ဒုတိယနဲ့ တတိယ နေရာမှာရပ်တည်နေပြီး အာဂျင်တီးနားက အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။ အုပ်စု (D) မှာတော့ ပြင်သစ် အုပ်စု ပထမ၊ တူနီးရှားနဲ့ ဒိန်းမတ်က အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး ဩစတြေးလျကတော့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။
ဝီကီလိခ်စ်တည်ထောင်သူ ဂျူလီယန်အာဆန်းဂျ်ရဲ့ အပြစ်ကင်းစင်မှုကို ခုခံကာကွယ်ပြီး အရင်ခိုလှုံခွင့် ကမ်းလှမ်းချက်ကို သက်တမ်းတိုးပေးထားကြောင်း ရေးသားထားတဲ့ စာတစောင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဆီ ပေးပို့ခဲ့တယ်လို့ ဇူလိုင် ၁၈ ရက်မှာ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါက ပြောကြားလိုက်ပါတယ်။
အာဆန်းဂျ်ဟာ ကြီးလေးတဲ့ ဘာရာဇ၀တ်မှုကိုမှ မကျူးလွန်ကြောင်းနဲ့ သူ့ကို ဖမ်းဆီးတာဟာ သူ့ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာ ဖြစ်ကြောင်း သမ္မတ လိုပက်ဇ် အိုဘရာဒေါ က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
လိုပက်ဇ် အိုဘရာဒေါဟာ အာဆန်းဂျ်ကို ခိုလှုံခွင့်ပေးကြောင်း အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ပ် ရာထူးမဆင်းခင်က စာပေးပို့ခဲ့ကြောင်းနဲ့ ၂၀၂၁ ခုနှစ်မှာ ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအစမှာ တခါ ထပ်ပြီး စာပေးပို့ခဲ့ကြောင်း ဒီနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
သမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ အာဆန်းဂျ်ကို "ကျွန်ုပ်တို့ခေတ်ရဲ့ အကောင်းဆုံးဂျာနယ်လစ်" လို့ လည်း ပြီးခဲ့တဲ့လက ခေါ်ဆိုခဲ့ပါတယ်။