မက္ကဆီနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ မေ ၁၀ ရက်က သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေ စုရုံးဆန္ဒပြကြပါတယ်။
သားသမီးတွေ ပျောက်ဆုံးလို့ ပူဆွေးနေတဲ့ မိခင်တွေ စုပေါင်းပြီး အမေများနေ့မှာ သူတို့ဆန္ဒကို ထုတ်ဖော်ပြသကြတာပါ။
မက္ကဆီကိုမှာ နှစ်စဉ် လူထောင်ချီ ပျောက်ဆုံးနေပေမဲ့ အစိုးရက ဖိဖိစီးစီး ရှာဖွေတာ၊ ဒီပြဿနာကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်တာ မရှိတဲ့အတွက် လူပျောက်မှုတွေ နှစ်စဉ် တိုးလာတာပါ။
"ဒီနိုင်ငံမှာလည်း စစ်ဖြစ်နေတာပဲ၊ တခုပဲရှိတာက သေသွားတဲ့လူတွေက စစ်သားတွေ၊ ရဲတွေ၊ အစိုးရဝန်ထမ်းတွေ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေပါ။ သူတို့ လမ်းပေါ်ထွက်သွားရင် အိမ်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိပါဘူး" လို့ နော်မာ အန်ဒရာဒီက ပြောပါတယ်။
အန်ဒရာဒီရဲ့သမီးဖြစ်တဲ့ ဂါစီယာဟာလည်း ၂၀၀၁ ခုနှစ်ကတည်းက ပျောက်ဆုံးသွားတာ သဲလွန်စ ပြန်မရတော့ပါဘူး။
မေ ၁၀ ရက်ဟာ မက္ကဆီနိုင်ငံမှာလည်း အမေများနေ့အဖြစ် သတ်မှတ်ထားပြီး သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေအတွက်တော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရအပေါ် ဒေါသထွက်ရတဲ့ နေ့တနေ့လို့ ဆိုရပါမယ်။
နှစ်စဉ် အမေများနေ့ရောက်တိုင်း မြို့တော် မက္ကဆီကိုစီးတီးမှာ မိခင်တွေ ချီတက်ဆန္ဒပြပြီး ပျောက်ဆုံးနေတဲ့ သူတို့သားတွေ သမီးတွေကို ရှာဖွေပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အစိုးရကလည်း အရေးတယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။
မကျေမနပ်ဖြစ်နေတဲ့ မိခင်တွေကတော့ တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ လူပျောက်မှုတွေအပေါ် အစိုးရက ပိုပြီး တာဝန်ယူလာအောင် ဆက်ပြီး တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ကန့်သတ်ချက် အနည်းဆုံးအဆင့်ဖြစ်တဲ့ အဝါရောင်ဇုံအဖြစ် သတ်မှတ်ပြီး မေ ၁၀ ရက်က ဖြေလျှော့ပေးလိုက်ပါတယ်။
အဝါရောင်အဆင့် သတ်မှတ်ချက်ထဲမှာ စားသောက်ဆိုင်တွေ၊ အားကစားရုံတွေနဲ့ ရုပ်ရှင်ရုံတွေမှာ လက်ခံမယ့် လူဦးရေ တိုးနိုင်ပြီး မြို့ခံတွေဟာလည်း လေဟာပြင် ဂီတဖျော်ဖြေပွဲ တွေနဲ့ အားကစားပွဲစဉ်တွေကို ကန့်သတ်ချက်နဲ့အညီ တက်ရောက်နိုင်ပါတယ်။
မေ ၁၂ ရက်က စပြီး လေဟာပြင် အားကစားပွဲစဉ်တွေကို ဝင်ဆံ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း၊ မေ ၁၇ ရက်က စပြီး အခန်းတွင်းပွဲစဉ်တွေအတွက် မူရင်းဝင်ဆံ့ လူဦးရေရဲ့ ၃၀ရာခိုင်နှုန်း တက်ရောက်နိုင်ခွင့်နဲ့ ကန့်သတ်ထားပါတယ်။
မေ ၁၀ ရက်မှာ စတင်သက်ရောက်မယ့် ကန့်သတ်ချက် အသစ်ထဲ ဟိုတယ်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတွေ၊ ဘဏ်တွေနဲ့ ရုပ်ရှင်ရုံတွေကို သွားရောက်နိုင်ခွင့်ထိ တိုးမြှင့် ထည့်သွင်းထား တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ မြို့တော်အတွင်း ကူးစက်ခံဦးရေ ကျဆင်းလာလို့ တစ်လကြာ ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးခဲ့တာပါ။
မက္ကဆီကိုစီးတီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံလူနာ ဆေးရုံတက်နှုန်းဟာလည်း ကပ်ဘေးသင့် ကာလတလျှောက်လုံး အနိမ့်ဆုံးအဆင့်ကို ကျဆင်းလာခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။