close

မက္ကဆီကိုတွင် သားသမီး ပျောက်ဆုံးမှုကြောင့် ပူဆွေးနေသည့် မိခင်များ စုပေါင်းဆန္ဒပြ

မက္ကဆီနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ မေ ၁၀ ရက်က သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေ စုရုံးဆန္ဒပြကြပါတယ်။

သားသမီးတွေ ပျောက်ဆုံးလို့ ပူဆွေးနေတဲ့ မိခင်တွေ စုပေါင်းပြီး အမေများနေ့မှာ သူတို့ဆန္ဒကို ထုတ်ဖော်ပြသကြတာပါ။

မက္ကဆီကိုမှာ နှစ်စဉ် လူထောင်ချီ ပျောက်ဆုံးနေပေမဲ့ အစိုးရက ဖိဖိစီးစီး ရှာဖွေတာ၊ ဒီပြဿနာကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်တာ မရှိတဲ့အတွက် လူပျောက်မှုတွေ နှစ်စဉ် တိုးလာတာပါ။

"ဒီနိုင်ငံမှာလည်း စစ်ဖြစ်နေတာပဲ၊ တခုပဲရှိတာက သေသွားတဲ့လူတွေက စစ်သားတွေ၊ ရဲတွေ၊ အစိုးရဝန်ထမ်းတွေ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေပါ။ သူတို့ လမ်းပေါ်ထွက်သွားရင် အိမ်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိပါဘူး" လို့ နော်မာ အန်ဒရာဒီက ပြောပါတယ်။

အန်ဒရာဒီရဲ့သမီးဖြစ်တဲ့ ဂါစီယာဟာလည်း ၂၀၀၁ ခုနှစ်ကတည်းက ပျောက်ဆုံးသွားတာ သဲလွန်စ ပြန်မရတော့ပါဘူး။

မေ ၁၀ ရက်ဟာ မက္ကဆီနိုင်ငံမှာလည်း အမေများနေ့အဖြစ် သတ်မှတ်ထားပြီး သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေအတွက်တော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရအပေါ် ဒေါသထွက်ရတဲ့ နေ့တနေ့လို့ ဆိုရပါမယ်။

နှစ်စဉ် အမေများနေ့ရောက်တိုင်း မြို့တော် မက္ကဆီကိုစီးတီးမှာ မိခင်တွေ ချီတက်ဆန္ဒပြပြီး ပျောက်ဆုံးနေတဲ့ သူတို့သားတွေ သမီးတွေကို ရှာဖွေပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အစိုးရကလည်း အရေးတယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။

မကျေမနပ်ဖြစ်နေတဲ့ မိခင်တွေကတော့ တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ လူပျောက်မှုတွေအပေါ် အစိုးရက ပိုပြီး တာဝန်ယူလာအောင် ဆက်ပြီး တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up