close

မင်နီဆိုတာပြည်နယ်

close

September 15, 2022

အမေရိကန် မင်နီဆိုတာပြည်နယ်တွင် သူနာပြုများ သပိတ်မှောက်

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်က သူနာပြုဝန်ထမ်းတွေဟာ ဝန်ထမ်းပြတ်လပ်မှုကို ဖြည့်ပေးဖို့နဲ့ လစာလုံလုံလောက်လောက်တိုးပေးဖို့ ဆေးရုံအမှုဆောင်တွေနဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက်က ၃ ရက်ဆက်တိုက် သပိတ်မှောက်ပွဲမှာ ဝင်ပါခဲ့ကြပါတယ်။

သူနာပြုတွေရဲ့ ရုတ်တရက် သပိတ်မှောက်မှုဟာ မင်နီယာပိုလိစ်နဲ့ အိမ်နီးချင်း စိန့်ပေါလ်အနီးရှိ ဆေးရုံ ၁၃ ခုထက်မနည်းကို ထိခိုက်နိုင်ဖွယ် ရှိပါတယ်။

အခုလိုမင်နီဆိုတာ သူနာပြုအသင်းရဲ့ သပိတ်မှောက်မှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုဆိုးရွားမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဝန်ထမ်းရှားပါးမှုကို မီးမောင်း ထိုးပြနေပါတယ်။

ဒီကိစ္စဖြေရှင်းဖို့ သဘောတူညီချက်အသစ်ကို ညှိနှိုင်းနေတာ ၅ လကျော်နေပြီဖြစ်ပြီး သူနာပြုတွေဟာ စာချုပ်မရှိဘဲ အလုပ်လုပ်နေရတာ ရက်သတ္တပတ်တွေ ချီနေပြီလို့ သမဂ္ဂက ပြောပါတယ်။ ညှိနှိုင်းမှုတွေကို စက်တင်ဘာ ၁၅ ရက်အထိ ခေတ္တရပ်နားထားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သူနာပြုသပိတ်ကို ဝါရှင်တန်ရှိ အမေရိကန် လွှတ်တော်အမတ်တွေကလည်း ထောက်ခံခဲ့ကြပါတယ်။

အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရိုရုံး (BLS) ရဲ့ အဆိုအရ အမေရိကန်နိုင်ငံတဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်အကိုင်တွေဟာ ကပ်ရောဂါမတိုင်ခင် အဆင့်အောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလထက်စာရင် အခု ကျန်းမာရေးစောင့်ရှောက်မှု အလုပ်အကိုင်တွေမှာ အလုပ်လုပ်ကြသူ ပိုနည်းပါးပြီး လူပေါင်း ၃၇,၀၀၀ လောက်ပဲရှိကြောင်း BLS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

6 mins Ago

May 15, 2020

မင်နီဆိုတာပြည်နယ်တွင် နေအိမ်တွင်းနေထိုင်ရေးအမိန့်ကို မကျေနပ်၍ လူရာချီဆန္ဒပြ

အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်အတွင်းမှာပဲ နေထိုင်ရေးအမိန့်တွေကို မကျေနပ်လို့ ပြည်သူရာချီပြီး မေလ ၁၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။  ဆန္ဒပြသူတွေဟာ အုပ်ချုပ်ရေးမှူးအိမ်တော်ရှေ့ စုရုံးခဲ့ပြီး  နှစ်လကြာလော့ဒေါင်းကြောင့် စီးပွားရေးတွေ ပိတ်ခဲ့ရတာကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။  နေအိမ်အတွင်းပဲ နေထိုင်ရေးအမိန့်တွေနဲ့ လော့ဒေါင်းကြောင့် စီးပွားရေးထိခိုက်ခဲ့ရပြီး အမေရိကန်နိုင်ငံသား ၃၃ ဒဿမ ၅ သန်းဟာ နှစ်လမပြည့်ခင်အချိန်အတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ ကြရပါတယ်။  ဒီနှုန်းဟာ ၁၉၃၀ ပြည့်နှစ် စီးပွားပျက်ကပ်နောက်ပိုင်း မမြင်ဖူးတဲ့ အလုပ်လက်မဲ့ဦး ရေနှုန်းလည်း ဖြစ်ပါတယ်။  ကျန်းမာရေးပညာရှင်တွေကတော့ စီးပွားရေးကို လုံခြုံစိတ်ချစွာပြန်ဖွင့်နိုင်ဖို့  လူအများကို ကျယ်ကျယ်ပြန့်ပြန့်  ဆေးစစ်တာတွေ၊ ထိတွေ့မှုခြေရာခံတွေလုပ်ဖို့ လိုတယ်လို့ သတိပေးထား ပါတယ်။  အမေရိကန်ပြည်နယ်  တော်တော်များများမှာ လော့ဒေါင်းချထားတာတွေကို ပြန်ဖွင့်ဖို့ လုပ်နေပေမဲ့ မင်နီဆိုတာပြည်နယ်မှာ မေလဆန်းမှာပဲ အတည်ပြုလူနာအသစ် လေးထောင်နီးပါး တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up